ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ် အောက် ကလေးများ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေ လျက်ရှိရာ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ်၊ အတွဲ (၅၁)၊ အမှတ် (၄၄) ၌ မိမိတတ်မြောက်ထားသော အတတ်ပညာများကို အသုံးပြု၍ သူတစ်ပါးကို မကျီစယ် သင့်ကြောင်း ပြောဆိုဆုံးမထားသည့် မျက်နှာဖုံးဇာတ်လမ်း၊ ဖြတ်ထိုးဉာဏ် ကောင်းသော ညီပု အကြောင်းကို ရေးဖွဲ့ထားသည့် နှစ်မျက်နှာကာတွန်းဇာတ်လမ်း၊ မိမိ၏ ပတ်ဝန်းကျင်ရှိ သတ္တဝါများကို မိတ်ဆွေများဖွဲ့၍ ချစ်ချစ်ခင်ခင် နေထိုင်သည့်ပုံအကြောင်းကို ငှက်ကြီးနှင့် ပုတ်သင်ညီနောင် ဉပမာဖြင့် တင်ဆက်ထားသည့် နှစ်မျက်နှာကာတွန်းဇာတ်လမ်း၊ အလုပ်တစ်ခုကို လုပ်ဆောင်ရာ၌ မိမိကိုယ်မိမိ ယုံကြည်မှုရှိရှိြဖင့် လုပ်ဆောင်သင့်ပုံကို အတုယူဖွယ် တင်ဆက်ထားသည့် တစ်မျက်နှာကာတွန်း ဇာတ်လမ်းနှင့် စာများများဖတ်ပါက ရရှိလာမည့်အကျိုးများနှင့် သူငယ်ချင်းများကို စာဖတ်စေချင်သည့် ‘ဖိုးလပြည့်’ တစ်မျက်နှာဇာတ်လမ်းတို့ ပါဝင်ပါသည်။
ယခုတစ်ပတ် သုတကဏ္ဍတွင် ကလေးများ ဗဟုသုတ တိုးပွားစေရန် “ကြောင်မျိုးရင်းဝင် သတ္တဝါများ” အကြောင်းကို တင်ဆက်ထားပါသည်။ ထို့ပြင် ဝတ္ထုကဏ္ဍတွင် ကလေးများအနေဖြင့် မိမိပတ်ဝန်းကျင်ရှိ ဗဟုသုဖြစ်ဖွယ်အရာများကို လေ့လာမှတ်သားသင့်ပုံအကြောင်းကို တင်ဆက်ထားပါသည်။ ‘ရွှေသွေးတို့ပျော်စရာ’ ကဏ္ဍတွင် ကြက်ဆင်ခြောက်ကောင်အနက်မှ အလေးချိန် အများဆုံးကြက်ဆင်ကို ကလေးများတွက်ချက် ရှာဖွေနိုင်မည် ဖြစ်ပါသည်။ ထို့ပြင် ‘မေတ္တာရှင် မလေး’ ကဗျာကိုလည်း စန္ဒရားဖြင့် တီးခတ်နိုင်ရန် သံစဉ်များဖြင့် တင်ဆက်ထားပါသည်။
ရွှေသွေးအင်္ဂလိပ်စာကဏ္ဍတွင် လေ့ကျင့်ခန်းပြုလုပ်သည်နှင့်ပတ်သက်၍ ပြောဆိုသုံးနှုန်းပုံ အချို့ကို အပြန်အလှန်ပြောဆိုပုံဖြင့် တင်ဆက်ထားပါသည်။
ရွှေသွေးဂျာနယ်ကို
ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ်နှုန်း
ဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊
ရန်ကုန်မြို့၊ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။