စာပေဗိမာန်မှ ထုတ်ဝေသော စာအုပ် စာစောင်များကို ပြည်သူ့လက်ဝယ်သို့ရောက်အောင် နည်းအဖုံဖုံဖြင့် ဖြန့်ချိရောင်းချလျက်ရှိသည်။
၁၉၄၈ ခုနှစ် ဝန်းကျင်က တိုင်း၊ ပြည်နယ်များမှ ရပ်ကွက်၊ မြို့နယ်များတိုင်အောင် ဈေးကွက်ဖြန့်ချိနိုင်အောင် ကိုယ်စားလှယ်များ၊ နယ်လှည့်အရောင်းဝန်ထမ်းများ ခန့်အပ်လျက် ဆောင်ရွက်ခဲ့သကဲ့သို့ အစိုးရ ပြန်ကြားရေးဌာနများမှတစ်ဆင့် ကျေးလက်တောရွာများသို့တိုင် အရောက်ပို့ဆောင်ခဲ့သည်။
၁၉၅၅ ခုနှစ်တွင် ရန်ကုန်မြို့၌ ကုန်သည်လမ်း စာပေဗိမာန် အဆောက်အအုံသစ် ဖွင့်လှစ်သောအခါ အဆောက်အအုံ၏ မြေညီထပ်တွင် စာပေဗိမာန်စာအုပ်ဆိုင်၊ လက်ကားအရောင်းဌာန၊ စာအုပ်အသင်းတို့ကို ထားရှိလျက် စာပေဗိမာန်မှ ထုတ်ဝေသော စာအုပ်၊ စာစောင်များ အရောင်း မြှင့်တင်နိုင်ရေးကို ဆောင်ရွက်ခဲ့သည်။
စာပေဗိမာန်အရောင်းဌာနသည် ထုတ်လုပ်မှုဌာနအောက်တွင် သီးခြားဌာနခွဲအဖြစ် ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးကို ကိုယ်စားပြုကာ စာပေဗိမာန်ထုတ် စာစောင်များ၊ နိုင်ငံတော် အစိုးရထုတ် စာအုပ်များနှင့် ပြင်ပပုဂ္ဂလိက စာပေတိုက်များမှ ထုတ်ဝေသော စာအုပ်များကို ဈေးနှုန်း မှန်ကန်စွာဖြင့် ဖြန့်ချိရောင်းချလျက် ရှိပါသည်။
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ စာပေဗိမာန်စာအုပ်ဆိုင်ကို အဆင့်မြှင့်တင်ရေး လမ်းညွှန်ချက်အရ စာအုပ်ဝယ်ယူသူများ အဆင်ပြေ ချောမောစွာ ဝယ်ယူနိုင်ရန်အတွက် စာအုပ်ဆိုင်အတွင်း လေအေးပေးစက်များ တပ်ဆင်ထားရှိပြီး ခင်းကျင်းမှု အသွင်အပြင်၊ ရောင်းချမှုစနစ်နှင့် စာအုပ်အမျိုးအစား ပိုမိုစုံလင်စွာ ရောင်းချနိုင်ရေးတို့ကို ဆောင်ရွက်လျက်ရှိသည်။
ယခုအခါ စာပေဗိမာန်မှထုတ်ဝေသော စာအုပ်စာစောင်များနှင့် မြန်မာနိုင်ငံအတွင်းရှိ ပြင်ပ စာပေတိုက် ၃၀၀ ကျော်မှ ထုတ်ဝေသော စာအုပ်စာစောင်များကို ဆိုင်တင်ရောင်းချလျက်ရှိသည်။ ထို့အပြင် ပြည်တွင်းမှ ထုတ်ဝေသော စာအုပ်များသာမက Myanmar Book Centre မှ တင်သွင်းသည့် နိုင်ငံတကာမှ ထုတ်ဝေသော စာအုပ်စာစောင်များကိုပါ ဆိုင်တင်ရောင်းချပေးလျက် ရှိသည်။