''၀ဇီရာဝင်းကြည်'' ရေးသားသည့် ''ရာမာယဏ ဆို၊ ငို၊ ပြော ဇာတ်တော်ကြီး'' စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေ ဖြန့်ချိလိုက်ပြီဖြစ်ပါသည်။
အဆိုပါစာအုပ်သည် ၂ဝ၁၅ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် ပြဇာတ်စာပေ ပထမဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ် အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။
''ရာမာယဏ ဆို၊ ငို၊ ပြော ဇာတ်တော်ကြီး'' စာမူတွင် မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံ များတွင် ယဉ်ကျေးမှုအနုပညာတစ်ရပ်အဖြစ် ကပြလေ့ရှိသည့် ရာမဇာတ်တော်အတွက် ခိုင်မာသော ဇာတ်ညွှန်းဖြစ်သည်။ သုတရော မုတပါ ပြည့်စုံသည်။ စာရေးသူကိုယ်တိုင် ကပြဖူးသူဖြစ်ပြီး စင်တင်ပြဇာတ် ဇာတ်ညွှန်းအဖြစ် ဖန်တီးထားသည်။ အရိုးအစဉ်အားဖြင့် ရာမ၊ လက္ခဏာ၊ သီတာဒေဝီ၊ ဒဿဂီရိ စသည့် ဇာတ်ကောင်များကို ကျွမ်းဝင်ပြီး ဇာတ်ရံများကိုပါ ဇာတ်လမ်းနှင့် အကွ သိမှတ်ကြပြီးဖြစ်သည်။ ဆို၊ ငို၊ ပြော ဇာတ်တော်ကြီးကို အခန်း ၂၆ ခန်းဖြင့် သရုပ်ဖော်သည်။ အဖွင့်လေပြေ ဇာတ်သိမ်းသီချင်းတို့ ပါဝင်အောင် တင်ပြာထားသည်။ ဇာတ်ညွှန်းပညာ၊ မီး၊ ကန့်လန့်ကာ၊ အပြော၊ အဆို၊ အငို ကဏ္ဍများ ပေါ်လွင်သည်။ မြန်မာနိုင်ငံတွင် ဖျာပုံ၊ အိုးဘို၊ ရေကျော်ရာမ ဇာတ်အဖွဲ့များ ထင်ရှားရာ ယခုစာမူကို ရေကျော်ရာမကို အခြေပြု၍ ကျမ်းကိုး ၅ ခု တင်ပြထားသည်။ သုံးနာရီကြာသည့် ဇာတ်ဖြစ်ပြီး သရုပ်ဆောင် ၃၀ ဦး၊ ဆိုင်းဝိုင်းအဖွဲ့ဝင် ၈ ဦးဖြင့် အပြီးတင်ဆက်နိုင်သည့် အသင့်အနေအထားဖြစ်အောင် တင်ပြထားသည်။ ရာမဇာတ် ကပြသူတို့ အနွယ်ဝင်အဖြစ် သိရပြီး ကိုယ်တိုင်ပါဝင်ကပြခဲ့ကြောင်း၊ ၁၉၉၈-၂၀၀၂ ခုနှစ်အထိ ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲဝင် သဘင်မှု အနုပညာဇာတ်တော် တွင် သုတနှင့် မုတအဖြစ် ထင်ရှားစွာ ပါဝင်ခဲ့သည်။ ပြန့်ကျဲနေသော ဇာတ်စာ၊ ဇာတ်စကားများကို စုစည်းလျက် ခိုင်မာသော ကျမ်းကိုးကို အသုံးပြုထားသည်။ ပြဇာတ်စာပေ ၃ မျိုးတွင် စင်တင်ကပြပြီးမှ စာပေအသွင် မှတ်တမ်းတင်ခြင်းဟု ဆိုရန်ရှိသည် စသည့်အချက်များ ပါဝင်သော စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါသည်။
အဆိုပါစာအုပ်ကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၂၄၉၀၃၁၊ ဝ၁-၃၈၁၄၄၈) စာပေဗိမာန်စာအုပ်ဆိုင်မှ တန်ဖိုး ၇၀၀ ကျပ်ဖြင့် ဖြန့်ချိပြီး နေပြည်တော် သပြေကုန်း စျေးရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၆၇-၄၁၄၆၈၁)၊ မန္တလေးမြို့ ၈၆ လမ်း (၂၁ လမ်းနှင့် ၂၂ လမ်းကြား) ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၂-၃၀၁၈၆) တို့နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်ဆိုင်များတွင် ဝယ်ယူရရှိနိုင်ပါသည်။ လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၂၄၉၀၃၁၊ ဝ၁-၃၈၁၄၄၈) စာပေဗိမာန် စာအုပ်ဆိုင်သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။