စာပေဗိမာန်ပြည်သူ့လက်စွဲစာစဉ်များကို ၁၉၅၈ ခုနှစ်၊ ဇန်နဝါရီလ တွင် စတင်ထုတ်ဝေခဲ့သည်။ ပြည်သူလူထုအတွက် စာပေဖွံ့ဖြိုးရေးလုပ်ငန်းအဖြစ် ဝိဇ္ဇာ၊ သိပ္ပံ ယဉ်ကျေးမှု လူမှုရေးဝတ္ထု ကဗျာ နှင့် ကလေးသူငယ်ဆိုင်ရာ စာပေများပါဝင်သော အကြောင်းအရာများကို လက်စွဲအိတ်ဆောင်စာအုပ် အဖြစ် လစဉ်သုံးအုပ်ခန့် ထုတ်ဝေနိုင်ခဲ့သည်။ မူလက နိုင်ငံတော်အတွင်းရှိ စာတတ်စလူကြီးလူငယ်တို့နှင့် သင့်တော်သောစာအုပ်များ၊ ထုတ်ဝေရန် စာဖတ်ဝါသနာရင့်သန်လာစေခြင်းဖြင့် စာဖတ်ပရိသတ်နယ်ပယ်ချဲ့ထွင်ရန်၊ ဖတ်ရလွယ်ကူသော ပြည်သူ့အကျိုးပြုသုတရသစာအုပ်ငယ်များကို ဈေးနှုန်းသက်သာစွာဖြင့် ထုတ်ဝေရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။ နောက်ပိုင်းတွင် အကြောင်းအမျိူးမျိူးကြောင့် စာအုပ်အဖြစ်ထုတ်ဝေရန် ခက်ခဲနေသော စာပေလက်ရာကောင်းများကို စာမူပြိုင်ပွဲတွင် ယှဉ်ပြိုင်စေကာ ဆုရရှိသောစာမူများကို စာမူအဖြစ် ပုံနှိပ်ထုတ်ဝေပေးခဲ့သည်။ စာပေဗိမာန်စာမူဆုရ စာမူများအပြင် စာရေးဆရာများ စာပေသုတေသီများ၊ ပညာရှင်များ ရေးသားပြုစုတင်ပြလာသော စာမူများ၊ ပြည်သူလူထုအကျိူးရှိစေမည့် အကြောင်းအရာများကို ကျွမ်းကျင်ပညာရှင် များထံ အပ်နှံ၍လည်းကောင်း၊ စာတည်းများကို တာဝန်ပေး၍လည်းကောင်း ပြုစုထားသော စာမူများကိုပါ စာအုပ်အဖြစ်ထုတ်ဝေခဲ့သည်။