ဧပရယ်ယုနိုင် (ရွှေတောင်) ရေးသားသည့် ကိုယ်တိုင်ရေး ရောင်စုံပန်းချီကားတစ်ချပ် စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိလိုက်ပြီ ဖြစ်ပါသည်။
အဆိုပါစာအုပ်သည် ၂ဝ၁၄ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် လူငယ်စာပေ ပထမဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။
ကိုယ်တိုင်ရေး ရောင်စုံပန်းချီကားတစ်ချပ် စာအုပ်တွင် အသက် ၁၈ နှစ်အရွယ်၊ ၁၀ တန်းအောင်ပြီးစ မိန်းကလေးငယ်တစ်ဦးက ဖွံ့ဖြိုးမှုနောက်ကျလှသော ကျေးရွာလေးတစ်ရွာသို့ သွားရောက်၍ တွဲဖက်မူလတန်းကျောင်းလေးတစ်ကျောင်း ဖြစ်လာအောင် ကြိုးပမ်း ဆောင်ရွက်ချက်များကို ဇာတ်လမ်းဆင် ရေးဖွဲ့ထားသော ၀တ္ထုရှည်စာမူတစ်ပုဒ် ဖြစ်သည်။
ဆရာမလေး၏ ထက်သန်သော ဝါသနာ၊ ကလေးများအပေါ်ထားရှိသော စေတနာ၊ အခက်အခဲ အမျိုးမျိုးကို ရင်ဆိုင်ကျော်လွှားနိုင်သော အနစ်နာတို့ကို ဤ၀တ္ထုတွင် ထင်ထင်ရှားရှား တွေ့မြင်ရ သည်။ ဆရာမလေးနှင့် ရိုးသားလှသော ရွာသူရွာသားများ၊ ကျောင်းသူကျောင်းသားများ၏ ဆက်ဆံရေးကို ကြည်နူးစရာ၊ လွမ်းမောစရာ၊ ကရုဏာသက်စရာ၊ ပျော်ရွှင်ရယ်မောစရာ၊ ကြေကွဲဝမ်းနည်းစရာတို့ဖြင့် အကွက်ကျကျ ရက်ဖောက်ပြီး လှလှပပ ဖော်ကျူးထားသဖြင့် ရသမျိုးစုံကိုလည်း ခံစားရသည်။ အရေးသွက်ပြီး သရုပ်ဖော်ပီပြင်သဖြင့် ၀တ္ထုအစမှ အဆုံး ထိုင်ဖတ်၍ မငြီးနိုင်အောင် ဆွဲဆောင်မှုရှိသည်ကိုလည်း တွေ့ရသည်။
အထူးအားဖြင့် မိမိစွမ်းဆောင်နိုင်သော ကြိုးပမ်းစွမ်းဆောင်ချက်ဟူသည် မည်သည့်အခါမျှ အလဟဿမဖြစ်ဘဲ အမှန်တကယ် ထိရောက်အရာထင်သည် ဟူသည့် သတင်းပေးချက်ကို တွေ့ရသည့်အပြင် လူငယ်တို့၏ ဘ၀အားမာန်ကို တွန်းအားပေးထားသော စာမူဖြစ်သဖြင့် ပထမဆုရွေးချယ်ရန် ဆုံးဖြတ်ခဲ့ကြပါသည်။
အဆိုပါစာအုပ်ကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၂၄၉၀၃၁၊ ဝ၁-၃၈၁၄၄၈) စာပေဗိမာန်စာအုပ်ဆိုင်မှ တန်ဖိုး ၁၄၀၀ ကျပ်ဖြင့် ဖြန့်ချိပြီး နေပြည်တော် သပြေကုန်းစျေးရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၆၇-၄၁၄၆၈၁)၊ မန္တလေးမြို့ ၈၆ လမ်း (၂၁ လမ်းနှင့် ၂၂ လမ်းကြား) ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၂-၃၀၁၈၆) တို့နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်ဆိုင်များတွင် ဝယ်ယူရရှိနိုင်ပါသည်။ လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၂၄၉၀၃၁၊ ဝ၁-၃၈၁၄၄၈) စာပေဗိမာန်စာအုပ်ဆိုင်သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။