''စေတုတ္တရာချင်းလှထွန်း'' ရေးသားသည့် ''မုန်းချောင်းရေပြာ စေတုတ္တရာ'' စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေ ဖြန့်ချိ လိုက်ပြီ ဖြစ်ပါသည်။
အဆိုပါစာအုပ်သည် ၂ဝ၁၄ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် သုတပဒေသာ (ဝိဇ္ဇာ) တတိယဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲ စာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။
''မုန်းချောင်းရေပြာ စေတုတ္တရာ'' စာမူတွင် နိဒါန်း၊ စာကိုယ်၊ ခေါင်းစဉ်ငယ်များ၊ နိဂုံးကျမ်းကိုးစာရင်း၊ မြေပုံဓာတ်ပုံမှတ်တမ်းများ ပြည့်စုံစွာ စနစ်တကျ ရေးသားသည်ကို တွေ့ရ သည်။ မြို့နယ်၏ ပထဝီဝင်အနေအထား၊ တည်ရှိပုံ၊ အကျယ်အဝန်း၊ စီရင်စုများ၊ စီရင်စုဝင်မြို့နယ်သားများ၊ မြို့နယ်၏ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ တရားစီရင်ရေး၊ စာပေ၊ ပညာရေး စသည်ဖြင့် မြို့နယ်တစ်ခုအကြောင်း ရေးသားပြုစုရာတွင် ပါဝင်ရမည့် အချက်အလက် များ ပြည့်စုံသည်။ ဆက်လက်၍ မြို့နယ်၏ လွတ်လပ်ရေးကာလ နောက်ပိုင်း ကြိုးပမ်း ဆောင်ရွက်မှုများကို တင်ပြသည်။
တင်ပြရာတွင် အမည်စာရင်းများ၊ ကိန်းဂဏန်းများကို ဇယားများနှင့် တိကျစွာ ဖော်ပြထားခြင်း၊ လူပုဂ္ဂိုလ်များကို အမည်၊ ရာထူးစသည်တို့ကို ဖော်ပြနိုင်ခြင်း၊ အကိုးအကား စာအုပ်စာတမ်းများ ခိုင်လုံခြင်း၊ လူပုဂ္ဂိုလ်များကို တွေ့ဆုံမေးမြန်းခြင်း၊ သိမီလိုက်သူ ပုဂ္ဂိုလ်များ၏ လက်ရေးမူများ၊ ကိန်းဂဏန်းများ အမှတ်အသားများ၊ မှတ်တမ်းစာများကို ရယူနိုင်သည်အထိ ကြိုးပမ်းထားခြင်း များ တွေ့ရပြီး ချင်းလူမျိုးတို့၏ ရိုးရာဝတ်ဆင်မှု ရှားပါးဓာတ်ပုံများကို ဝေဝေဆာဆာတင်ပြ ထားသည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်သည်။
အဆိုပါစာအုပ်ကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၂၄၉၀၃၁၊ ဝ၁-၃၈၁၄၄၈) စာပေဗိမာန်စာအုပ်ဆိုင်မှ တန်ဖိုး ၇၅၀ ကျပ်ဖြင့် ဖြန့်ချိပြီး နေပြည်တော် သပြေကုန်း စျေးရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၆၇-၄၁၄၆၈၁)၊ မန္တလေးမြို့ ၈၆ လမ်း (၂၁ လမ်းနှင့် ၂၂ လမ်းကြား) ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၂-၃၀၁၈၆) တို့နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်ဆိုင်များတွင် ဝယ်ယူရရှိနိုင်ပါသည်။ လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၂၄၉၀၃၁၊ ဝ၁-၃၈၁၄၄၈) စာပေဗိမာန် စာအုပ်ဆိုင်သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။