''ချမ်းမြသော်'' ရေးသားသည့် ''မိုးသောက်ဂီတ ကဗျာများ'' စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေ ဖြန့်ချိ လိုက်ပြီဖြစ်ပါသည်။
အဆိုပါစာအုပ်သည် ၂ဝ၁၅ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် ကဗျာပေါင်းချုပ် ပထမဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲ စာစဉ် အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။
''မိုးသောက်ဂီတ ကဗျာများ'' စာမူသည် ကဗျာအပုဒ်ပေါင်း (၇၀) ပါဝင်သည်။ လေးလုံးစပ်လင်္ကာ နှင့် အချိုးကဗျာများ ဖြစ်သည်။
လင်္ကာဖွဲ့ဆိုမှုတွင် ကာရန်အချိတ်အဆက် မှန်ကန်သည်။ အကြောင်းအရာမှာ ကဗျာဖွဲ့ဆိုမှုတွင် သမားရိုးကျဖြစ်နေသော တောတောင်သဘာ၀ဘွဲ့၊ ရာသီဥတုဘွဲ့များကို ဦးစားမပေးဘဲ အမြင်အတွေ့၊ အတွေးအခေါ်ကို ဦးစားပေးဖွဲ့ဆိုသော ကဗျာဖြစ်သည်။ မြန်မာဖွဲ့ဆိုနည်း စည်းကမ်းဥပဒေနှင့်အညီ ကာရန်မတိမ်းယိမ်းအောင်၊ စကားလုံးပြေပြစ်အောင် ဖွဲ့ဆိုနိုင်သည်ကို တွေ့ရသည်။
အမျိုးကဗျာဖွဲ့ဆိုရာတွင် ကဗျာစည်းကမ်းဖြစ်သော အခံချိုး၊ အအုပ်ချိုးနှင့် အချိုးကဗျာ၏ အသက် အခံချိုး၊ အအုပ်ချိုးတို့ကိုဆက်သော ကွပ်သိမ်းချက် (သို့မဟုတ်) ခွာထောက်ကာရန်များ အချွတ်မလွဲစေဘဲ ရေးသားဖွဲ့ဆိုနိုင်သည်ကိုလည်း တွေ့ရသည်။ အချိုးကဗျာဟူသည် တေးဂီတဝင် ကဗျာဖြစ်ပေရာ အသံသာမှု လွန်စွာအရေးကြီးသည်။ အသံကိုနားလည်မှ၊ သိမှ အသံသာသော အချိုးကဗျာရေးနိုင်သည်ဖြစ်ရာ ကဗျာဖွဲ့သူသည် အချိုးကဗျာများကို အသံသာအောင် ဖွဲ့ဆိုနိုင်သည် ကို တွေ့ရသော စာအုပ်ကောင်း တစ်အုပ်ဖြစ်ပါသည်။
အဆိုပါစာအုပ်ကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၂၄၉၀၃၁၊ ဝ၁-၃၈၁၄၄၈) စာပေဗိမာန်စာအုပ်ဆိုင်မှ တန်ဖိုး ၈၀၀ ကျပ်ဖြင့် ဖြန့်ချိပြီး နေပြည်တော် သပြေကုန်း စျေးရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၆၇-၄၁၄၆၈၁)၊ မန္တလေးမြို့ ၈၆ လမ်း (၂၁ လမ်းနှင့် ၂၂ လမ်းကြား) ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၂-၃၀၁၈၆) တို့နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်ဆိုင်များတွင် ဝယ်ယူရရှိနိုင်ပါသည်။ လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၂၄၉၀၃၁၊ ဝ၁-၃၈၁၄၄၈) စာပေဗိမာန် စာအုပ်ဆိုင်သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။