ဇော်လွင်ဦး (ဟင်္သာတ) ရေးသားသည့် ကွယ်ပျောက်လုဆဲ ယင်းတလဲ စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ လိုက်ပြီဖြစ်ပါ သည်။
အဆိုပါစာအုပ်သည် ၂ဝ၁၄ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် သုတပဒေသာ (ဝိဇ္ဇာ) ဒုတိယဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲ စာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။
ကွယ်ပျောက်လုဆဲ ယင်းတလဲ စာမူသည် မြန်မာနိုင်ငံ၏ တိုင်းရင်းသားမျိုးနွယ်စု တစ်မျိုးဖြစ်သော ယင်းတလဲ လူမျိုးများသည် ကယားပြည်နယ်အတွင်း ရှေးအစဉ်အဆက် ကတည်းက နေထိုင်ကြ၍ ယခုအခါ လူဦးရေးသုံးရာခန့်သာ ကျန်ရှိတော့၍ ပျောက်ကွယ်လုမတတ် ဖြစ်သည်။ ယင်းအခြေအနေကို စာရေးသူက ကျမ်းကိုးစာအုပ် ၄၀ နှင့် ကွင်းဆင်းလေ့လာ သုတေသနပြု မေးမြန်းချက်များဖြင့် စုစည်းတင်ပြထားသည်။ အထောက်အထားခိုင်မာ၍ ဒေသဆိုင်ရာ တာဝန်ရှိသူတို့၏ အထောက်ခံချက်ပါရှိသည်။ ယင်းတလဲလူမျိုးများ၏ နေထိုင်ရာ ဒေသ ပျံ့နှံ့နေထိုင်မှု၊ ရိုးရာယုံကြည်မှု၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေးနှင့် ထင်ရှားသော လူပုဂ္ဂိုလ်များ အကြောင်းတို့ကို အားထုတ်တင်ပြထားသော စာအုပ်ကောင်း တစ်အုပ်ဖြစ်ပါသည်။
အဆိုပါစာအုပ်ကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၂၄၉၀၃၁၊ ဝ၁-၃၈၁၄၄၈) စာပေဗိမာန်စာအုပ်ဆိုင်မှ တန်ဖိုး ၆၀၀ ကျပ်ဖြင့် ဖြန့်ချိပြီး နေပြည်တော် သပြေကုန်း စျေးရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၆၇-၄၁၄၆၈၁)၊ မန္တလေးမြို့ ၈၆ လမ်း (၂၁ လမ်းနှင့် ၂၂ လမ်းကြား) ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၂-၃၀၁၈၆) တို့နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်ဆိုင်များတွင် ဝယ်ယူရရှိနိုင်ပါသည်။ လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၂၄၉၀၃၁၊ ဝ၁-၃၈၁၄၄၈) စာပေဗိမာန် စာအုပ်ဆိုင်သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။