ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ် အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၄ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၂)၊ အမှတ်(၁၄)၌ အမြဲပြုံးနေတတ်ပြီး စိတ်ရှည်သည်းခံစိတ်ရှိသော ကိုလာတွင် သူငယ်ချင်း အပေါင်းအသင်းကောင်းများ ရှိနေပုံအကြောင်း ရေးဖွဲ့ထားသည့် “ပြုံးနေလိုက်ပါ” မျက်နှာဖုံးကာတွန်း၊ ဖိုးဇော်၏ ပါပီလေးကို ကောင်းကောင်းလေ့ကျင့်ပေးထားပုံအကြောင်းကို ဟာသဖြစ်ဖွယ် ရေးဖွဲ့ထားသည့် “ခြင်းဆွဲ” နှစ်မျက်နှာကာတွန်း၊ ကျောင်းဆရာဦးအောင်ကြီးက သူ၏တပည့်ကို သင်္ချာပုစ္ဆာ၏အဖြေမေးပုံအကြောင်းကို ဟာသဖြစ်ဖွယ်ရေးဖွဲ့ထားသည့် “ဥယျာဉ်မှူးနှင့် သူ၏ပန်းကလေးများ” တစ်မျက်နှာကာတွန်း၊ ရေးတွင်းထဲကျနေသော ခွေးလေးကို ကတုံးသုံးဖော်အဖွဲ့က ဝိုင်းဝန်းကူညီ၍ ကယ်ဆယ်ပေးခဲ့ပုံအကြောင်းကို ရေးဖွဲ့ထားသည့် “ကတုံးသုံးဖော်” နှစ်မျက်နှာကာတွန်းနှင့် ဘယ်ကျော်၏ လိမ္မာရောင်လေးဖြင့် တောက်ပနေသော အရာကို စား၍မရမှန်း သိရှိသွားပုံအကြောင်းကို ဟာသဖြစ်ဖွယ်ရေးဖွဲ့ထားသည့် “ကျောက်ခေတ် ကမ္ဘာ’’ တစ်မျက်နှာကာတွန်းတို့ကို တင်ဆက်ထားပါသည်။
သုတကဏ္ဍတွင် နေစွမ်းအင်၏ ကမ္ဘာကြီးအပေါ် သက်ရောက်မှုဆိုင်ရာ အချက်တချို့ အကြောင်းကို ဖတ်ရှုရမည်ဖြစ်ပါသည်။ ဝတ္ထုကဏ္ဍအနေဖြင့် သားငယ်မောင်စိုးထွန်း၏ ကျောင်းစည်းကမ်းများကို စနစ်တကျလိုက်နာပြီး ပညာရေးတွင် ထူးချွန်ရုံသာမက သူငယ်ချင်းအချင်းချင်း ရိုင်းပင်းကူညီကာ လိုအပ်ချက်ရှိပါက ကောင်းမွန်သော ထိုးထွင်းကြံဆနိုင်စွမ်း အပြည့်ရှိြခင်းကြောင့် အများက အားကျ အတုယူခံရသူဖြစ်ပုံအကြောင်းကို ရေးဖွဲ့ထားပါသည်။ ထို့ပြင် ပေးထားသောပုံထဲရှိ အင်္ဂလိပ်စကားလုံးများကို ကလေးတို့ မျက်စိလျင်လျင်ဖြင့် ရှာဖွေကြည့်နိုင်မည့် ဉာဏ်စမ်းကဏ္ဍနှင့် မြန်မာ့ရိုးရာနှစ်သစ်ကူး သင်္ကြန်ပွဲတော်ကို ပျော်ရွှင်စွာ အတူဆင်နွှဲကြပုံ အကြောင်းကဗျာကို သရုပ်ဖော်ပုံများဖြင့် ဝေဝေဆာဆာတင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍတွင် ကျန်းမာရေး ပြဿနာ တစ်ခုခုအကြောင်းနှင့်ပတ်သက်၍ အပြန်အလှန်ပြောဆိုပုံ အင်္ဂလိပ်စာဝါကျအချို့ကို လေ့လာမှတ်သား နိုင်မည်ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း ၀၁-၃၈၁၄၄၈၊
၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။