ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက် ကလေးများ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေ လျက်ရှိရာ ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၁ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၂)၊ အမှတ် (၁၂) ၌ ရွှေတိုးသည် သေဆုံးသွားပြီဟု အများကယုံကြည်ထားကြသော သူ၏ဖခင်နှင့် ပြည်လည်ဆုံဆည်းခွင့် ရရှိပုံအကြောင်းကို ရေးဖွဲ့ထားသည့် “ပြန်ဆုံချင်တယ်” မျက်နှာဖုံးကာတွန်း၊ ပညာရှိအမတ်ဒိန်၏ လူငယ်များထဲမှ သူရဲကောင်းအား စမ်းသပ်စိစစ်ပုံအကြောင်းကို ရေးဖွဲ့ထားသည့် “အမတ်ဒိန်” နှစ်မျက်နှာကာတွန်း၊ အားလပ်ရက်တွင် သူငယ်ချင်းနှင့် ငှက်ပစ်ကြရာမှ ဆရာတော်က သိရှိသွားပုံအကြာင်းကို ရေးဖွဲ့ထားသည့် “ဖိုးရှုပ်’’ တစ်မျက်နှာကာတွန်းနှင့် မိမိ၏ရည်မှန်းချက်ပန်းတိုင် အောင်မြင်နိုင်ရန်အတွက် စာပေတတ်မြောက်ရန်နှင့် အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်သော အသိပညာတို့ရှိရန် အရေးကြီးကြောင်းကို ရေးဖွဲ့ထားသည့် ‘ရည်မှန်းချက်” နှစ်မျက်နှာကာတွန်းနှင့် သူငယ်ချင်း အချင်းချင်းပေါင်းသင်းရာတွင် သချာလက္ခဏာနှင့်အညီ ပေါင်းသင်းသင့်ပုံအကြောင်းကို ရေးဖွဲ့ထားသည့် ‘ညီပု’ တစ်မျက်နှာဟာသကာတွန်းတို့ကို တင်ဆက်ထားပါသည်။
သုတကဏ္ဍတွင် ကြက်သွန်နီနှင့် ကြက်သွန်ဖြူကိုစားခြင်းကြောင့် ရရှိနိုင်သည့် ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများအကြောင်းကို ဗဟုသုတဖြစ်ဖွယ် ဖတ်ရှုရမည် ဖြစ်ပါသည်။ ဝတ္ထုကဏ္ဍအနေဖြင့် ကျောင်းသားလေးများ၏ ဈေးသည်ကြီး ကိုမြဦးအပေါ် စနောက်မိရာက နောင်တရရှိကြပုံနှင့် သူတစ်ပါးအပေါ် နစ်နာစေမည့် စနောက်မှုကို မပြုမိစေရန် သတိထားသင့်ပုံအကြောင်းကို ပညာပေးရေးသားထားပါသည်။ ထို့ပြင် ပုံထဲတွင် ပျောက်ဆုံးနေသော ပစ္စည်းများကို ကလေးတို့ မျက်စိလျင်လျင်ဖြင့် ရှာဖွေနိုင်မည့် ပဟေဠိကဏ္ဍနှင့် ရပ်ကွက်စာကြည့်တိုက်ဖွင့်လှစ်ခြင်းဖြင့် ရရှိနိုင်သောအကျိုးကျေးဇူးများအကြာင်းကို သရုပ်ဖော်ပုံများဖြင့် ဝေဝေဆာဆာ တင်ဆက်ထားသည့် ကဗျာတို့ကို တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍတွင် မိမိအကြိုက်နှစ်သက်ဆုံးသော လူသိများကျော်ကြားသူတစ်ဦးအကြောင်းနှင့် ပတ်သက်၍ အပြန်အလှန်မေးမြန်း ပြောဆိုပုံ အင်္ဂလိပ်စာဝါကျတည်ဆောက်ပုံအချို့ကို ကလေးတို့ လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁- ၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။