ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ် အောက် ကလေးများ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေ လျက်ရှိရာ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၂)၊ အမှတ် (၈) ၌ ဒါနကုသိုလ်ကောင်းမှုပြုခြင်းနှင့် ရရှိလာမည့် အကျိုးတရားများအကြောင်းကို ရေးဖွဲ့ထားသည့် ‘များများလှူပါ’ မျက်နှာဖုံးကာတွန်း၊ လူသားမျိုးနွယ်အားလုံး၏ ဘုံရန်သူဖြစ်သော မူးယစ်ဆေးဝါးကို ရှောင်ရှားသင့်ပုံအကြောင်းကို တင်ဆက်ထားသည့် “ရိုးရိုးလေး၏ ဘုံရန်သူ” နှစ်မျက်နှာကာတွန်း၊ စူးစမ်းလေ့လာရေးထွက်လာသော ကောင်လေးတစ်ယောက်အကြောင်းကို ဟသဖြစ်ဖွယ်ရေးဖွဲ့ထားသည့် “ကျောက်ခေတ်ကမ္ဘာ” တစ်မျက်နှာကာတွန်း၊ သူတစ်ပါးအပေါ်တွင် စိတ်ကောင်းမထားနိုင်သော စိန်မျောက်မျောက်ကို မိခင်က ဆုံးမပုံအကြောင်းကို ရေးဖွဲ့ထားသည့် “တူသောအကျိုး” နှစ်မျက်နှာကာတွန်းနှင့် ရန်ပိုင်စိုးတို့ တူအရီးနှစ်ယောက်၏အဖြစ်ကို ဟာသဖြစ်ဖွယ် ်ရေးဖွဲ့ထားသည့် “ရန်ပိုင်စိုး¬” တစ်မျက်နှာကာတွန်းတို့ကို တင်ဆက်ထားပါသည်။
သုတကဏ္ဍတွင် လူ့လောကသဘာဝတွင် ဖြစ်ပေါ်လျက်ရှိသော အကြောင်းအရာအချို့ကို ကလေးများ လိုက်နာရှောင်ရှားနိုင်စေရန်အလို့ငှာ ဗဟုသုတဖြစ်ဖွယ် ဖတ်ရှုရမည် ဖြစ်ပါသည်။ ဝတ္ထုကဏ္ဍတွင် သူတစ်ပါးအပေါ်တွင် စိတ်ကောင်းစေတနာထားကာ ကူညီလုပ်ဆောင်ပေးပါက မိမိတွင်လည်း ကောင်းကျိုးချမ်းသာရစေနိုင်ပုံအကြောင်းကို ရေးသားတင်ဆက်ထားပါသည်။ ထို့ပြင် ကလေးတို့အတွက် ဉာဏ်စမ်းကဏ္ဍနှင့် သူ့တာဝန်နှင့်သူ အချိန်မှန်မှန်လည်ပတ်နေသော ဉတုသုံးပါးအကြောင်းကဗျာကို သရုပ်ဖော်ပုံ များဖြင့် ဝေဝေဆာဆာတင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍတွင် ဘာသာစကားလေ့လာမှုနှင့် ပတ်သက်၍ ပြောဆိုသုံးနှုန်းပုံ အင်္ဂလိပ်စာဝါကျအချို့ကို ကလေးတို့ လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁- ၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။