ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂)နှစ် အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၂၆ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၂)၊ အမှတ်(၅၂)၌ အရာရာကို စူးစမ်းတတ်သော မောင်ထွေးလေး အကြောင်းကို တင်ဆက်ထားသည့် “မောင်ထွေးလေးနှင့် ထူးဆန်းသောအသား” မျက်နှာဖုံးကာတွန်း၊ ဉာဏ်ထက်မြက်သော ပညာရှိအမတ်ကြီး အတွင်းဝန်ဦးပေါ်ဦး၏ အကြောင်းကို ရေးဖွဲ့ထားသော “ဘုရင့်ထက် ကြောက်ရသူများ” နှစ်မျက်နှာကာတွန်း၊ ကလေးတို့အားလုံး ချွေတာသင့်သည်ကို ချွေတာရမည်ဖြစ်ကြောင်း ဟာသဖြစ်ဖွယ် ရေးဖွဲ့ထားသည့် “ဖိုးသန့်လေး” နှစ်မျက်နှာကာတွန်း၊ ခင်ခင်ပြူးနှင့် သူ၏သူငယ်ချင်းများအကြောင်းကို ဖော်ပြထားသည့် “ခင်ခင်ပြူး” တစ်မျက်နှာ ကာတွန်း၊ လူတစ်ဦးတွင် ပါရှိသည့် နား၊ ပါးစပ်၊ နှုတ်ခမ်းနှင့် လက်တို့၏ အဆင်တန်ဆာသည် လက်ဝတ်ရတနာများ မဟုတ်ကြောင်းကို ရေးဖွဲ့ထားသည့် “အားကျမိတယ်” နှစ်မျက်နှာကာတွန်း၊ ဦးလေးဖြစ်သူထံတွင် လိမ္မာပါးနပ်စွာ မုန့်ဖိုးတောင်းတတ်သော အာတူးအကြောင်းကို ဟာသ ဖြစ်ဖွယ် ရေးဖွဲ့ထားသည့် “အာတူးရဲ့ ပိုကောင်းတာပေါ့” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။
သုတကဏ္ဍတွင် နိုင်ငံတကာနှစ်သစ်ကူးနေ့အကြောင်းကို ကလေးတို့ ဗဟုသုတရစေရန် တင်ဆက် ထားသည့် “ပျော်ရွှင်ဖွယ် နှစ်သစ်ကူးနေ့” သုတကဏ္ဍ၊ ကလေးတို့ သင်္ချာဉာဏ် ထက်မြက်စေရန် တင်ဆင်ထားသည့် “ရွှေသွေးတို့ ပျော်စရာ” ဉာဏ်စမ်းသင်္ချာကဏ္ဍ၊ လောကတွင် အချင်းချင်း စည်းလုံးညီညွတ်ခြင်းသည် ကြီးမားသော အင်အားတစ်ခုဖြစ်စေနိုင်ပုံ အကြောင်းကို ပညာပေးတင်ဆက်ထားသည့် “နွားထီး သုံးကောင်နှင့် ခြင်္သေ့” ပုံပြင်ကဏ္ဍ၊ ကလေးတို့ပေးပို့သော ကာတွန်းလက်ရာများကို ဖော်ပြပေးထားသည့် “ရွှေသွေးတို့ လက်ရာ” ကဏ္ဍတို့ ပါဝင်သည်။ ကလေးတို့ ပညာသင်ကြားရာတွင် စာမေးပွဲအောင်မြင်ရန်အတွက် ဆရာ့ထံ လာဘ်ပေးခြင်း မပြုလုပ်ဘဲ ပညာကို ကြိုးစားသင်ယူရမည်ဖြစ်ကြောင်း ရေးဖွဲ့ထားသည့် “ကန်တော့ခြင်း နှစ်မျိုး” ဝတ္ထုကို ဖတ်ရှုရပါမည်။ ထို့ပြင် အခက်အခဲ၊ အတားအဆီးများကို ကျော်ဖြတ်ကာ ပန်းတိုင်သို့ ရောက်အောင်သွားရမည် ဖြစ်ကြောင်းကို ဗေဒါပန်းပွင့်ကလေးဖြင့် ဥပမာပေးရေးဖွဲ့ထားသည့် “ပန်းတိုင်အရောက်လှမ်း” ကဗျာကို တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍ အနေဖြင့် နေ့စဉ်သုံးအင်္ဂလိပ် စကားပြောနှင့်ပတ်သက်၍ သင်ခန်းစာသစ်အချို့ကို ရှင်းလင်းဖော်ပြပြီး လေ့ကျင့်ခန်းသစ်များကို ကလေးတို့ လေ့လာမှတ်သားနိုင်မည်ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၃၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉ - ၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း - ၀၁- ၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။