ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ် အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၉ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၂)၊ အမှတ်(၅၁)၌ အဆောင်ယတြာများကို ယုံကြည်လွန်းသော မောင်ရိုး၏ အဒေါ်အကြောင်းကို တင်ဆက်ထားသည့် “မောင်ရိုးနှင့် သူ့အဒေါ်” မျက်နှာဖုံးကာတွန်း၊ စေတနာ၏ ရောင်ပြန်ဟပ်ပုံကို ရေးဖွဲ့ထားသော “တုံ့ပြန်စေတနာ” နှစ်မျက်နှာကာတွန်း၊ မိဘများ၏ လုပ်ငန်းများတွင် မိမိလုပ်နိုင်သော နေရာများ၌ ဝိုင်းဝန်းလုပ်ကိုင်သင့်ပုံအကြောင်းကို ပညာပေး တင်ဆက်ထားသည့် “ဆူးကလေး မပျင်းတော့ပါ” တစ်မျက်နှာကာတွန်း၊ စိန်မျောက်မျောက်နှင့် သူငယ်ချင်းများအကြောင်းကို ဟာသဖြစ်ဖွယ် ရေးဖွဲ့ထားသည့် “စိန်မျောက်မျောက်” နှစ်မျက်နှာ ကာတွန်း၊ ပိုက်ဆံမကုန်ဘဲ လုပ်အားဒါနဖြင့် ကုသိုလ်ပြုလုပ်၍ ရကြောင်းကို ဟာသဖြစ်ဖွယ် ရေးဖွဲ့ထားသည့် “အိမ့်နှစ်” နှစ်မျက်နှာကာတွန်း၊ မိမိ၏အမှားကို မှားမှန်းသိသော်လည်း မပြင်နိုင်ပုံအကြောင်းကို ဟာသဖြစ်ဖွယ် ရေးဖွဲ့ထားသည့် “ရန်ပိုင်စိုး” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။
သုတကဏ္ဍတွင် အမှိုက်များကို စနစ်တကျစွန့်ပစ်ရန် လိုအပ်ကြောင်း ဖော်ပြထားသည့် “ပတ်ဝန်းကျင်ထိန်းသိမ်းရေး နီတိများ” သုတကဏ္ဍ၊ ကလေးတို့ ဗဟုသုတရစေရန် တင်ဆက်ထားသည့် “ပုံပြအဘိဓာန်”ကဏ္ဍ၊ “လသာတုန်း ဗိုင်းငင်” ဆိုသည့် စကားပုံလေး၏ အသုံးပြုပုံကို ရေးသားတင်ဆက် ထားသည့် “ရွှေသွေးတို့အတွက် မြန်မာစကားပုံများ” စကားပုံကဏ္ဍတို့ ပါဝင်သည်။ အင်အားကြီးမားမှုကို အသုံးချပြီး ကိုယ့်ထက်အင်အားနည်းသူများအား နှိပ်စက်အနိုင်ကျင့်တတ်သူတို့၏ နိဂုံးမလှမပ ဖြစ်ရပုံ အကြောင်းကို ရေးဖွဲ့ထားသည့် “ရိုးသားမှုသည် ဘဝတန်ဖိုး” ဝတ္ထုကို ဖတ်ရှုရပါမည်။ ထို့ပြင် ကွမ်းစားခြင်း၊ ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်းနှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်းတို့၏ အန္တရာယ်အကြောင်း ရေးဖွဲ့ထားသည့် “အန္တရာယ်” ကဗျာကို တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် အခြေခံ အင်္ဂလိပ်သဒ္ဒါနှင့် ပတ်သက်၍ အင်္ဂလိပ်စာဝါကျအတွင်း Article အသုံးပြုပုံအကြောင်းကို ရှင်းလင်းဖော်ပြပြီး လေ့ကျင့်ခန်းသစ်များကို ကလေးတို့ လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၃၀၀ ကျပ်နှုန်း ဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉ - ၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း - ၀၁- ၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။