ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက်(၁၂) နှစ် အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန်ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၂၈ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၂) အမှတ်(၄၈)၌ ဝေဒဗ္ဗမန္တန်ကို တတ်မြောက်သည့်ပုဏ္ဏားသည် တပည့်ဘုရားလောင်း၏ စကားကို နားမထောင်သောကြောင့် အသက်ဆုံးရှုံးသွားရပုံအကြောင်းကို ရေးဖွဲ့ထားသည့် “ဝေဒဗ္ဗမန္တန်” မျက်နှာဖုံး ကာတွန်း၊ ကြွက်လေးက ကြောင်ကြီးကို လှည့်စားထားသည့်အကြောင်းကို ဟာသဖြစ်ဖွယ် ရေးဖွဲ့ထားသည့် “လှည့်စား” နှစ်မျက်နှာကာတွန်း၊ မခိုင်သောအိုးသည် ကိုယ်ထည်အုံပါ ပွင့်ထွက်သကဲ့သို့ စိတ်မလုံ သူသည် လျှို့ဝှက်ချက်ကို မဖုံးကွယ်နိုင်သည့်အကြောင်းကို တင်ဆက်ထားသည့် “အိုးမလုံ အုံပွင့်” နှစ်မျက်နှာကာတွန်း၊ စကားပြောဆိုရာ၌ လိမ္မာယဉ်ကျေးစွာ သုံးနှုန်းပြောဆိုရန် လိုအပ်ကြောင်း ရေးဖွဲ့ ထားသည့် “အိမ့်နှစ်” နှစ်မျက်နှာကာတွန်းနှင့် ဗိုက်ဆာနေသည့် ဖိုးတုတ်ကို စနောက်နေသော ပေတိုး တို့၏ အကြောင်းကို ဟာသဖြစ်ဖွယ် ရေးဖွဲ့ထားသည့် “ပေတိုး၊ ဖိုးတုတ်ရဲ့ ကူညီနည်း” တစ်မျက်နှာ ကာတွန်းတို့ကို တင်ဆက်ထားပါသည်။
သုတကဏ္ဍတွင် တန်ဆောင်မုန်းလတွင် ကျင်းပလေ့ရှိသော မြန်မာ့ရိုးရာပွဲတော်အကြောင်းကို ရေးဖွဲ့ထားသည့် ဆရာညွန့်ဝင်း(နတ်တလင်း)၏ “တန်ဆောင်မုန်းလနှင့် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါသည် လျော့ကျသွားခြင်းမရှိဘဲ ဆက်လက်တိုးပွားနေသဖြင့် ထုတ်ပြန်ထားသည့် စည်းကမ်းချက်များကို ပေါ့လျော့မသွားဘဲ ဆက်လက်လိုက်နာသွားရန် လိုအပ်ကြောင်းကို ရေးဖွဲ့ထားသည့် ဆရာမအမရာလင်း၏ “ကိုဗစ်-၁၉ ကာကွယ်ရေးကို ဆက်လက်လုပ်ဆောင်ကြမယ်” သုတဆောင်းပါးတို့ကို တင်ဆက်ထားပါသည်။ တိရစ္ဆာန်များသည် လူများကို အကူအညီပေးတတ်ပြီး ချစ်စရာကောင်းသည့်အကြောင်းကို ရေးဖွဲ့ ထားသည့် ဆရာမမေဇွန်အေး၏ “ပူစီလေးကို ချစ်တယ်” ကလေးဝတ္ထုနှင့် ကလေးတို့အတွက် ဉာဏ်ရည် ထက်မြက်စေပြီး ပြဿနာများကို မြန်မြန်ဆန်ဆန်ဖြေရှင်းနိုင်ရန်အတွက် အထောက်အကူပြုသော ရုပ်ပုံများနှင့် တင်ဆက်ထားသည့် ကာတွန်းမင်းသန့်၏ “ဘယ်သူမျက်စိပိုလျင်သလဲ” ဉာဏ်စမ်းကဏ္ဍတို့ ပါဝင်ပါသည်။ ထို့ပြင် ကလေးတို့ ပေးပို့သော ကာတွန်းလက်ရာများကို ဖော်ပြပေးထားပါသည်။
တန်ဆောင်မုန်းလတွင် ကျင်းပသော ကထိန်ပွဲတော်နှင့် သင်္ကန်းကပ်ပွဲများအကြောင်းကို ရေးဖွဲ့ ထားသည့် ကဗျာဆရာမြေပြန့်ဝင်းသွေး၏ “နိဗ္ဗာန်ဈေး” ကဗျာနှင့် တန်ဆောင်တိုင်ပွဲတော်တွင် ဆီးမီး ရောင်စုံထွန်းပြီး ပျော်ပျော်ရွှင်ရွှင် ရိုးရာပွဲတော်များ ဆင်နွှဲကြသည့်အကြောင်းကို ရေးဖွဲ့ထားသည့် ကဗျာ ဆရာမင်းရွှေမိုး၏ “တန်ဆောင်တိုင်ပွဲတော်” ကဗျာတို့ကိုလည်း တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍ အနေဖြင့် နေ့စဉ်သုံး အင်္ဂလိပ်စကားပြောနှင့်ပတ်သက်သည့် သင်ခန်းစာသစ်အချို့ကို ကလေးတို့ လေ့လာ မှတ်သားနိုင်မည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၃၀၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ်(၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း-၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။