ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန်ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၂၁ ရက် (စနေနေ့) တွင်ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၂) အမှတ် (၄၇) ၌ စေတနာထားပြီး ဆေးကုသပေးသော မောင်ဝဏ္ဏနှင့် မနာလိုစိတ်ကြီးမားပြီး လောဘကြီးလွန်းသော မောင်အဂ္ဂတို့ အကြောင်းကို ရေးဖွဲ့ထားသည့် “စေတနာနေရာ” မျက်နှာဖုံးကာတွန်း၊ မြန်မာမိန်းကလေးဖြစ်သော်လည်း ဗိုလ်ဆန်သော နွေးနွေးသည် သူငယ်ချင်းဖိုးဂျင် ၏ စကားကြောင့် အမြင်မှန်ရရှိသွားပြီး မြန်မာဆန်ဆန်ဝတ်ဆင်ရန် ဆုံးဖြတ်လိုက်ပုံအကြောင်းကို ရေးဖွဲ့ထားသည့် “အမြင်မှန်ရသွားသော နွေးနွေး” နှစ်မျက်နှာကာတွန်း၊ ပြည်တွင်းထုတ် သစ်သီးဝလံများသည် အရည်အသွေး ပြည့်ဝပါက ပြည်ပနိုင်ငံသို့ တင်ပို့ရောင်းချနိုင်ကြောင်းကို ရေးဖွဲ့ထားသည့် “ရာဇာခရမ်း- ပြည်တွင်းဖြစ်” နှစ်မျက်နှာကာတွန်း၊ ကိုဓဥပဒေကို ကျင့်သုံးခဲ့သော ရွာသူကြီးဦးဖိုးမှန်အကြောင်းကို ဟာသဖြစ်ဖွယ် ရေးဖွဲ့ထားသည့် “တိကျမှန်ကန်သော သူကြီး” နှစ်မျက်နှာကာတွန်း၊ မပေါင်းသင်းအပ်သော မိတ်ဆွေအမျိုးအစား များအကြောင်းကို ပညာပေးရေးဖွဲ့ထားသည့် “မိတ်ဆွေကောင်း” နှစ်မျက်နှာကာတွန်းနှင့် ဆေးသောက်တိုင်း ရောဂါပျောက်ကင်းသည် ဆိုသည်မှာ ကြော်ငြာထဲတွင်သာရှိကြောင်း ဟာသဖြစ်ဖွယ် ရေးဖွဲ့ထားသည့် “ဖိုးလပြည့်” တစ်မျက်နှာကာတွန်းတို့ကို တင်ဆက်ထားပါသည်။
သုတကဏ္ဍတွင် အိမ်မွေးတိရစ္ဆာန်အမျိုးအစားထဲတွင် ပါဝင်သည့် ကြောင်လေးများသည် အဘယ်ကြောင့် အသံသဲ့သဲ့ဖြင့် အော်မြည်တတ်ကြသလဲ ဆိုသည်ကို ရေးဖွဲ့ထားသည့် “ချစ်စရာကောင်းတဲ့ ကြောင်လေးတွေရဲ့ အော်မြည်သံအကြောင်း” သုတဆောင်းပါးနှင့် အခြေအနေတစ်ခုသည် တစ်ဦးအတွက် ကောင်းမွန်သော်လည်း အခြားတစ်ဦးအတွက်မူ ဆိုးရွားစေတတ်သည့် အကြောင်းအရာ ဖြစ်စေနိုင်ကြောင်း ကို ရေးသားထားသော “မြည်း နှင့် ဖား” ဘာသာပြန်ပုံပြင်တို့ကို တင်ဆက်ထားပါသည်။ စဥ်းစားမြော်မြင် ဉာဏ်ရှိသောကြောင့် ချမ်းသာသွားသည့် ငါးခြောက်သည်ကြီးနှင့် စဥ်းစားမြော်မြင်ဉာဏ် မရှိသောကြောင့် ဆုံးရှုံးမှုများနှင့် ကြုံတွေ့ခဲ့ရသော ငါးခြောက်သည်ကြီးတို့အကြောင်းကို ပညာပေး ရေးဖွဲ့ထားသည့် “ငါးခြောက်သည်နှစ်ဦး” ကလေးဝတ္ထုကို ဖတ်ရှုရမည်ဖြစ်ပါသည်။ ထို့ပြင် စာပေဗိမာန်မှ ထုတ်ဝေခဲ့သော ဖိုးကျော်ဆိုသည့် ကလေးဇာတ်လိုက်လေး အကြောင်းကို ရေးသားထားသည့် ဆရာဂယက်နီ၏ “ဖိုးကျော်” စာအုပ်အား မိတ်ဆက်ပေးထားသော “ရွှေသွေးတို့ စာဖတ်စို့”ကဏ္ဍ၊ လောကကို အလှဆင်သော စာပေအမျိုးမျိုးကို လေ့လာဖတ်ရှုပါက ပညာပြည့်ဝပြီး နှလုံးသားလှပစေနိုင်ပုံအကြောင်းကို ရေးဖွဲ့ထား သော “စာပေပန်းဥယျာဥ်” ကဗျာတို့ကိုလည်း တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် အခြေခံအင်္ဂလိပ်သဒ္ဒါနှင့် ပတ်သက်၍ a, an နှင့် the တို့၏ အသုံးအနှုန်းကို ရှင်းလင်းဖော်ပြပြီး လေ့ကျင့်ခန်းသစ်များကို ကလေးတို့ လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၃၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း-၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။