ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ် အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန်ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၁၄ ရက် (စနေနေ့) တွင်ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၂) အမှတ် (၄၆) ၌ ကျောင်းမှန်မှန်တက်ပြီး စာကြိုးစားတော့မည်ဆိုသော ငွေတိုးအကြောင်း ကို ရေးဖွဲ့ထားသည့် “ငွေတိုးလေး လိမ္မာပါပြီ” မျက်နှာဖုံးကာတွန်း၊ ခေါင်းမူးနောက်နောက် ဖြစ်နေသော သူငယ်ချင်းအား ခေါင်းကြည်သွားရန် သူငယ်ချင်းတစ်ဦးမှ အကြံပေးပုံအကြောင်း ရေးဖွဲ့ထားသည့် “ပေါက်ကျော် - လန်းမှာလား၊ ပန်းမှာလား” နှစ်မျက်နှာကာတွန်း၊ လူသန်ကြီး တစ်ယောက်ပမာဖြစ်လာသော မောင်ညှက်အကြောင်းကို ရေးဖွဲ့ထားသည့် “ဆုတောင်းမေ” နှစ်မျက်နှာကာတွန်း၊ ကြောင်မိခင်ကြီးသည် ကျေးဇူးရှင်အား ကျေးဇူးသိတတ်ပုံအကြောင်း ရေးဖွဲ့ ထားသည့် “ဇာသီး - မေတ္တာလက်ဆောင်” နှစ်မျက်နှာကာတွန်းနှင့် ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါကို ကိုမြင့်နိုင်ကြီးဟု ခေါ်ဆိုပုံအကြောင်း ဟာသဖြစ်ဖွယ် ရေးဖွဲ့ထားသည့် “ဂျိုကာနဲ့ ကိုမြင့်နိုင်ကြီး” တစ်မျက်နှာကာတွန်းတို့ကို တင်ဆက်ထားပါသည်။
သုတကဏ္ဍအနေဖြင့် ခန္ဓာကိုယ်ခုခံအားကောင်းပြီး ကျန်းမာကြံ့ခိုင်ရန်အတွက် နေ့စဉ်အစား အစာများတွင် ဟင်းသီးဟင်းရွက် သစ်သီးဝလံများကို မျှမျှတတပါဝင်အောင် စားသုံးရ မည်ဖြစ် ကြောင်း တင်ဆက်ထားပါသည်။ ဝတ္ထုကဏ္ဍတွင် အမှန်တကယ်မဟုတ်ဘဲ မိမိကိုယ်မိမိ သူဌေးသား ပမာ ဟန်ဆောင်ပြောဆိုပြုမူနေမိသော ဇော်ဇော်အကြောင်းကို ဖတ်ရှုရမည်ဖြစ်ပါသည်။ ထို့ပြင် ကလေးတို့ကိုယ်တိုင် ပါဝင်ဆောင်ရွက်နိုင်မည့် “ဆေးရောင်လှလှ ခြယ်ရအောင်” ကဏ္ဍ၊ ကလေးတို့ ရေးဆွဲထားသော ကာတွန်းလက်ရာများကို ဖော်ပြပေးထားသည့် “ရွှေသွေးတို့ လက်ရာ” ကဏ္ဍ၊ မှတ်သားလိုက်နာစရာကောင်းသော မြန်မာစကားပုံများထဲမှ “တစ်နေ့တစ်လံ ပုဂံဘယ်ရွေ့မလဲ” စကားပုံ၏ ဆိုလိုရင်းအနက်ကို ရှင်းလင်းတင်ဆက်ထားသည့် စကားပုံကဏ္ဍ၊ ကိုဗစ်- ၁၉ ရောဂါ မကူးစက်နိုင်ရန် သတိပြုလိုက်နာရမည့် အချက်များထဲမှ တချို့အကြောင်းကို ပညာပေးရေးဖွဲ့ထားသည့် “အိမ်မှာပဲ နေစို့” ကဗျာကဏ္ဍတို့ကို တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍတွင် နေ့စဉ်သုံး အင်္ဂလိပ်စကားပြောနှင့် ပတ်သက်၍ အပြန်အလှန်မေးမြန်းပြောဆိုပုံ သင်ခန်းစာသစ် အချို့ကို ကလေးတို့ လေ့လာမှတ်သားနိုင်မည်ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၃၀၀ ကျပ်နှုန်း ဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း-၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။