ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ် အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန်ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၇ ရက် (စနေနေ့) တွင်ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၂) အမှတ် (၄၅) ၌ အသားဟင်းပါမှ ထမင်းစားမည်ဆိုသော ရွှေပိုးအကြောင်းကို ရေးဖွဲ့ထားသည့် ကာတွန်းကြိုင်နီ၏ “မေမေချက်တဲ့ ဟင်း” မျက်နှာဖုံးကာတွန်း၊ ကျားဆိုးကြီးကို နှိမ်နင်းပေးမည်ဆိုသော ဉာဏ်ကြီးရှင် အာတူးအကြောင်းကို ရေးဖွဲ့ထားသည့် ကာတွန်းကိုသင်း၏ “အာတူး၏ နောက်တစ်သိန်းက” နှစ်မျက်နှာကာတွန်း၊ ကမ္ဘာမြေကြီးကို ချစ်တတ်ရန်လိုကြောင်း ရေးဖွဲ့ထားသည့် ကာတွန်းရန်ကြီးအောင်၏ “ရာဇာ … ခရမ်း ချစ်ကြပါ” နှစ်မျက်နှာကာတွန်း၊ အတိုင်အတောထူသော ရွှေခဲကြက်တူရွေးအကြောင်းကို ရေးဖွဲ့ထားသည့် ကာတွန်းဆွေချစ်၏ “ညီပု” နှစ်မျက်နှာဟာသကာတွန်းနှင့် ပင်လယ်ထဲဆင်းပြီး ငါးဖမ်းလာသည် ဆိုသော ပယင်းနှင့် ကျောက်စရစ်တို့၏ ဦးဦးအကြောင်းကို ရေးဖွဲ့ထားသည့် ကာတွန်းသူရ၏ “ကျောက်ခေတ်ကမ္ဘာ” တစ်မျက်နှာကာတွန်းတို့ကို တင်ဆက်ထားပါသည်။
သုတကဏ္ဍတွင် ဝါးပင်ပေါက်နိုင်သော မြေအကြောင်းနှင့် ဝါးပင်၏ အသုံးဝင်ပုံအကြောင်း ဗဟုသုတဖြစ်ဖွယ် တင်ဆက်ထားပါသည်။ ဝတ္ထုကဏ္ဍအနေဖြင့် ဖခင်၏ ဉာဏ်အမြော်အမြင် ရှိမှုကြောင်း ကျောင်းသင်ခန်းစာများကို သင်ကြား လေ့လာခွင့်ရသော မောင်နှမနှစ်ဉီးအကြောင်းကို ဖတ်ရှုရမည်ဖြစ်ပါသည်။ ထို့ပြင် ကလေးတို့အနေဖြင့် ဗုဒ္ဓဘုရားရှင်၏ ဘဝဇာတ်ကြောင်းကို သရုပ်ဖော်ပုံများနှင့်တစ်ကွ ဖတ်ရှုမှတ်သားနိုင်မည့် စာအုပ်ကောင်းတစ်အုပ်ကို ရည်ညွှန်း ဖော်ပြထားသည့် “ရွှေသွေးတို့ စာဖတ်စို့” ကဏ္ဍ၊ တစ်ချို့သောကိစ္စများတွင် အကြံဉာဏ်ကောင်း တစ်ခုကို ပေးရသည်မှာ လွယ်ကူသော်လည်း တကယ်လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ရန်မှာ ခက်ခဲကြောင်းကို တင်ဆင်ထားသည့် “ကြောင်ကို ဘယ်သူ ချူဆွဲပေးမလဲ” ပုံပြင်ကဏ္ဍ၊ ကလေးတို့ရေးဆွဲထားသော ကာတွန်းလက်ရာများကို ဖော်ပြပေးထားသည့် “ရွှေသွေးတို့ လက်ရာ” ကဏ္ဍနှင့် ကြောက်စရာကောင်းသော မူးယစ်ဆေးကို ဝေးဝေးက ရှောင်ကြဉ်ရမည် ဖြစ်ကြောင်း ရေးဖွဲ့ထားသည့် “သေမင်းတမန်” ကဗျာတို့ကို တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာ ကဏ္ဍအနေဖြင့် အင်္ဂလိပ်စာ ဝါကျအတွင်း article ဖြစ်သော a, an နှင့် the တို့၏ အသုံးနှင့် ပတ်သက်၍ သင်ခန်းစာသစ်အချို့ကို ကလေးတို့လေ့လာ မှတ်သားနိုင်မည်ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ်နှုန်း ဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ်(၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း-၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။