ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ် အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန်ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၄ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၂)၊ အမှတ် (၄၃) ၌ မြင်သမျှအရာတိုင်းကို စပ်စုချင်သော မျောက်ကလေး ပေါက်ပေါက်အကြောင်းကို ရေးဖွဲ့ထားသည့် “စပ်စုနှင့် ဒုက္ခ” မျက်နှာဖုံးကာတွန်း၊ ပုပုတို့သူငယ်ချင်း တစ်စု၏ ဖောက်ထွင်းဝိဇ္ဇာများကို ကူညီဖမ်းပေးနိုင်ခဲ့ပုံအကြောင်း တင်ဆက်ထားသည့် “ပုပုပါဝင် သည့် အမှတ်မထင်” နှစ်မျက်နှာကာတွန်း၊ ရန်ကိုရန်ချင်းမတုံ့နှင်းဘဲ အချင်းချင်း ကိုယ်ချင်းစာတရား ထားကာ ရိုင်းပင်းကူညီပါက ကောင်းမွန်သော ပေါင်းသင်းဆက်ဆံရေးကို ရရှိနိုင်ပုံအကြောင်းကို ရေးဖွဲ့ထားသည့် “စကားနည်း ရန်စဲ” နှစ်မျက်နှာကာတွန်း၊ ဦးဦးအုတ်နီခဲ၏ ဒိုးနတ်မုန့် စားချင်လာပုံ အကြောင်း ရေးဖွဲ့ထားသည့် “ကျော်ခေတ်ကမ္ဘာ” တစ်မျက်နှာဟာသကာတွန်း၊ သူဌေးကြီး၏ အသိအမှတ်ပြုခြင်းခံရသည့် ရိုးသားမှန်ကန်သော ဆင်းရဲသားလေးတစ်ဦးအကြောင်းကို ရေးဖွဲ့ထား သည့် “တစ်ကျပ်စေ့” နှစ်မျက်နှာကာတွန်းနှင့် စန္ဒရားတီးချင်နေသော သူငယ်ချင်းတစ်ယောက် အကြောင်းကို ရေးဖွဲ့ထားသည့် ကာတွန်းမောင်တင်ယု၏ “ဖိုးလပြည့်” မျက်နှာဝက် ဟာသကာတွန်း တို့ကို တင်ဆက်ထားပါသည်။
သုတကဏ္ဍတွင် ရေကိုအမျိုးမျိုးအသုံးပြုမှုများစွာထဲမှ သောက်သုံး၍ရနိုင်သော ရေအမျိုးအစား အချို့အကြောင်းကို တင်ဆက်ထားသည့် “သောက်သုံး၍ ရနိုင်သည့် ရေအမျိုးအစားများ” သုတ ဆောင်းပါးနှင့် ကလေးတို့အနေဖြင့် မှန်ကန်ခိုင်လုံမှုရှိသော သတင်းအချက်အလက်များကို သတိပြု ဆင်ခြင်ပြီး လက်ခံယုံကြည်ရန်အရေးကြီးကြောင်း တင်ဆက်ထားသည့် “သတင်းတု၊ သတင်းမှားများ ကို သတိပြုရှောင်ကြဉ်ကြပါစို့” သုတဆောင်းပါးတို့ကို ဗဟုသုတဖြစ်ဖွယ် ဖတ်ရှု ရမည် ဖြစ်ပါသည်။ ကလေးတို့အနေဖြင့် ကဗျာစာပေကို နှစ်သက်မြတ်နိုးဖွယ် ဖတ်ရှုနိုင်မည့် စာအုပ်ကောင်းလေး တစ်အုပ်ကို ဖော်ညွှန်ထားသည့် “ရွှေသွေးတို့ စာဖတ်စို့” ကဏ္ဍကိုလည်း ထည့်သွင်းဖော်ပြထားပါ သည်။ ဝတ္ထုကဏ္ဍအနေဖြင့် ညီညီနှင့် မီမီတို့၏ မြန်မာ့ရိုးရာသီတင်းကျွတ် ပွဲတော်ကို အွန်လိုင်းက တစ်ဆင့် သူငယ်ချင်းများနှင့် ပျော်ရွှင်စွာ ကျင်းပပုံအကြောင်းကို တင်ဆက် ထားပါသည်။
အင်္ဂလိပ်စာကဏ္ဍအနေဖြင့် ဝါကျအတွင်း Article အသုံးနှင့် Countable Nounနှင့် Uncountable Noun တို့၏ ဆက်စပ်အသုံးပြုပုံအကြောင်းကို တင်ဆက်ထားသည့် ဆရာ KML ၏ “ရွှေသွေး အင်္ဂလိပ်သဒ္ဒါ” ကဏ္ဍကို တင်ဆက်ထားပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ်နှုန်း ဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ်(၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ရန်ကုန်မြို့။ဖုန်း-၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။