ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန် ရုံးသည် အသက် (၁၂) နှစ်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန်ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့ တိုင်းထုတ်ဝေလျက်ရှိရာ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁၇ရက် (စနေနေ့) တွင်ထွက်ရှိမည့် ရွှေသွေး ဂျာနယ် အတွဲ(၅၂) အမှတ် (၄၂) ၌ မိမိ၌ ဒုက္ခကြုံတွေ့ရသောအခါ အကူအညီပေးသော သူငယ်ချင်းများ အကြောင်းကို ကလေးတို့ အတုယူဖွယ် တင်ဆက်ထားသည့် “သူငယ်ချင်းကောင်း” မျက်နှာဖုံးကာတွန်း၊ သူတစ်ပါးအပေါ် စနောက်ရာတွင်လည်း သူတစ်ပါးမခံချင်အောင် မပြောဆိုဘဲ ကျေနပ်နိုင်အောင် စနောက် နိုင်သည့် ဉာဏ်ကောင်းသည့် ညီပုအကြောင်းကို ရေးဖွဲ့ထားသည့် “ညီပု” နှစ်မျက်နှာကာတွန်း၊ ညီညီသည် အပြင်မှ ပြန်လာသော သူ၏အဖေအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ လိုက်နာရမည့် ဆောင်ရွက်ရန် ရှိသည်များကို ပြုလုပ်စေပုံအကြောင်းကို ရေးဖွဲ့ထားသည့် “ကိုကို ညီညီ” နှစ်မျက်နှာကာတွန်း၊ တစ်ဦးနှင့်တစ်ဦး မေတ္တာတရားထားကာ နေထိုင်ပါက ရန်သူများပင် ဖြစ်လင့်ကစား အချင်းချင်း သင့်မြတ်စွာ နေထိုင်နိုင်ပုံအကြောင်းကို တင်ဆက်ထားသည့် ကာတွန်းMGU (မောင်ဦး)၏ “ဘေဘီ ဗွတ်ကလုံ” နှစ်မျက်နှာကာတွန်း၊ ငရုတ်သီးအစိမ်းမှုန့် သွားဝယ်သော ရန်ပိုင်စိုးအကြောင်းကို ရေးဖွဲ့ထားသည့် ကာတွန်း စောဟန်၏ “ရန်ပိုင်စိုး” တစ်မျက်နှာဟာသကာတွန်းတို့ကို တင်ဆက်ထားပါသည်။
သုတကဏ္ဍအနေဖြင့် ကမ္ဘာ့တိုက်ကြီး (၇) တိုက်၏ ထူးခြားချက်များအကြောင်းကို ဗဟုသုတဖြစ်ဖွယ် ရေးဖွဲ့ထားသည့် ဆရာမအင်ကြင်း (ဆေး-၁)၏ “ကမ္ဘာ့တိုက်ကြီး (၇) တိုက်၏ ထူးခြားချက်များ” သုတဆောင်းပါးနှင့် ကမ္ဘာနှင့်အဝှမ်းတွင် လတ်တလောကြုံတွေ့နေရသော ကိုဗစ်-၁၉ ရောဂါကို အားလုံး ဝိုင်းဝန်း တိုက်ထုတ်နိုင်ရန် ရေးဖွဲ့ထားသည့် ဆရာမစိုးငယ်ဖြိုး၏ “မမြင်နိုင်တဲ့ ကူးစက်မြန် ကိုဗစ်-၁၉ကို အားလုံးအတူတူ တိုက်ထုတ်ကြစို့” သုတဆောင်းပါးတို့ကို တင်ဆက်ထားပါသည်။ ဝတ္ထုကဏ္ဍတွင် ကလေးများသည် ငယ်စဉ်အရွယ်မှစ၍ မိမိကိုယ်တိုင် ဆောင်ရွက်ရန် ရှိသည့်အရာများကို သူတစ်ပါးအား အားမကိုးဘဲ မိမိကိုယ်တိုင် စည်းကမ်းရှိစွာ ဆောင်းရွက်နိုင်ရန် လေ့ကျင့်နေထိုင်ကြရမည်ဖြစ်ကြောင်း ပညာပေးရေးဖွဲ့ထားသည့် ဆရာထက်ဝေအောင် (စစ်ကိုင်း)၏ “စည်းကမ်းပြည့်ဝ လူ့အလှ” ကလေးဝတ္ထုကို ဖတ်ရှုရမည်ဖြစ်ပါသည်။ ထို့ပြင် ကလေးတို့ရေးဆွဲထားသော ကာတွန်းများကို ဖော်ပြပေးထားသည့် “ရွှေသွေးတို့လက်ရာ” ကဏ္ဍ၊ ကလေးတို့ ဉာဏ်ရည်ဖွံ့ဖြိုးစေရန် တင်ဆက်ထားသည့် “ရွှေသွေးတို့ ပျော်စရာ” ဉာဏ်စမ်းကဏ္ဍနှင့် ကမ္ဘာမြေကြီးကို ချစ်မြတ်နိုးတန်ဖိုးထား ထိန်းသိမ်းမည်ဆိုပါက အကျိုးကျေးဇူးများစွာ ရရှိနိုင်ပုံအကြောင်းကို ရေးဖွဲ့ထားသည့် ဆရာမရွှေမြိုင်ပြုံးလဲ့မော်၏ “ချစ်သော ကမ္ဘာမြေ” ကဗျာတို့ကို ဝေဝေဆာဆာတင်ဆက်ထားပါသည်။
အင်္ဂလိပ်စာကဏ္ဍအနေဖြင့် လက်တွေ့ကျကျအသုံးပြုနေသော အင်္ဂလိပ်စကားပြောနှင့် ပတ်သက်၍ တင်ဆက်ထာသည့် ဆရာ KML ၏ “ရွှေသွေးအင်္ဂလိပ်စကားဝိုင်း” ကဏ္ဍကို တင်ဆက်ထားပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ်(၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ဖုန်း-၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။