ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန် ရုံးသည် အသက် (၁၂) နှစ် အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန်ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့ တိုင်းထုတ်ဝေလျက်ရှိရာ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁၀ ရက် (စနေနေ့) တွင်ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၂) အမှတ် (၄၁) ၌ နံရံတွင်ချိတ်ဆွဲထားသော နာရီလေးသည် မည်သည့် အချိန်တွင် အိပ်စက်အနားယူကြောင်းကို သိလိုသည့် စူးစမ်းတတ်သော ဖိုးကျော်အကြောင်းကို ရေးဖွဲ့ထားသည့် “မအိပ်သော နာရီ” မျက်နှာဖုံးကာတွန်း၊ မိမိတွင် ငါးရိုးစူးရာမှ ငါးမျှားချိတ်ဖြင့် ငါးမျှားခဲ့သော မိမိ၏အဖြစ်ကို နောင်တရမိသည့် “ပုပုပါဝင်သည့် ကိုယ်ချင်းစာ” နှစ်မျက်နှာကာတွန်း၊ အလွန်အပျင်းထူသောစိတ်ကြောင့် သူငယ်ချင်းများ၏ ဖယ်ကြဉ်ခြင်းကို ခံနေရသော စိန်မျောက် မျောက်အကြောင်းကို တင်ဆက်ထားသည့် “စိန်မျောက်မျောက်-ငပျင်း” နှစ်မျက်နှာကာတွန်း၊ မိမိတို့၏ ခန္ဓာကိုယ်ထဲသို့ ရောဂါပိုးများ မဝင်ရောက်နိုင်စေရန် အစာအာဟာရ မျှမျှတတ စားသုံးရန်လိုကြောင်း တင်ဆက်ထားသည့် “ရာဇာ...ခရမ်း-ခုခံအား” နှစ်မျက်နှာကာတွန်း၊ သူတစ်ပါး ကို ကူညီပေးပါက မိမိတွင်လည်း အကျိုးကျေးဇူးများရရှိနိုင်ပုံအကြောင်းကို တင်ဆက်ထားသည့် “ဘေဘီဗွတ်ကလုံ” တစ်မျက်နှာကာတွန်းနှင့် မမြင်ရသော ကိုဗစ်-၁၉ ရောဂါပိုးကို တစ်ကမ္ဘာလုံးက ကြောက်ကြပုံအကြောင်းကို ရေးဖွဲ့ထားသည့် “ပိုင်ပိုင်” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထား ပါသည်။
သုတကဏ္ဍအနေဖြင့် ကူးစက်မြန် ကိုရိုနာဗိုင်းရတ်(ကိုဗစ်-၁၉) ကူးစက်ခြင်း မခံရစေရန် လိုက်နာရမည့် အကြောင်းအရာအချက်အချို့ကို တင်ဆက်ထားပါသည်။ ဝတ္ထုကဏ္ဍတွင် ကလေးများသည် ငယ်စဉ်အရွယ်မှစ၍ သူတစ်ပါးပစ္စည်းကို အချောင်လိုချင်သော စိတ်မဖြစ်စေရန် သတိပေးဆုံးမထားပုံအကြောင်းကို ဖတ်ရှုရမည်ဖြစ်ပါသည်။ ထို့ပြင် ကလေးတို့ ဉာဏ်ရည်ဖွံ့ဖြိုးစေရန် တင်ဆက်ထားသည့် “ရွှေသွေး တို့ပျော်စရာ”ဉာဏ်စမ်းကဏ္ဍ၊ ကလေးတို့ရေးဆွဲထားသော ကာတွန်းများကို ဖော်ပြပေးထားသည့် “ရွှေသွေးတို့လက်ရာ” ကဏ္ဍနှင့် ဗွတ်ကလုံခေါ် ဒေါင်းဆုပ်ငှက် တို့၏အသံ ချိုသာပုံနှင့် သဘာဝကို လှပစေပုံအကြောင်း ရေးဖွဲ့ထားသည့် “ဗွတ်ကလုံ(ခေါ်) ဒေါင်းဆုပ်ငှက်” ကဗျာတို့ကို ဝေဝေဆာဆာတင်ဆက်ထားပါသည်။
အင်္ဂလိပ်စာကဏ္ဍအနေဖြင့် Determiner (နမ်ရှေ့တွဲစကားလုံး)များထဲတွင် တစ်ခုအပါအဝင် ဖြစ်သော article ဟု ခေါ်သည့် a, an, the တို့၏ အသုံးအနှုန်းများကိုရှင်းလင်းတင်ပြထားသည့် ဆရာ KML ၏ “ရွှေသွေးအင်္ဂလိပ်သဒ္ဒါ” ကဏ္ဍကို တင်ဆက်ထားပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ်နှုန်း ဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ်(၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ဖုန်း-၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။