ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန်ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂၆ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၂) အမှတ် (၃၉) ၌ မောင်ရိုး၏ ဂရိပညာရှိကြီး ဆိုကရေးတီးအား လေးစားအားကျပုံအကြောင်းကို ရေးဖွဲ့ထားသည့် “မောင်ရိုးနှင့် ဆိုကရေးတီး” မျက်နှာဖုံးကာတွန်း၊ အာဖရိကတောကြီးထဲသို့ အမှန်တကယ် ရောက်သွားသကဲ့သို့ ခံစားမိသော ဖိုးလုံးအကြောင်းကို ရေးဖွဲ့ထားသည့် “ဖိုးလုံး - မုဆိုးအိပ်မက်” နှစ်မျက်နှာကာတွန်း၊ ကလေးတို့အနေဖြင့် နောင်အခါဝယ် လူတော်လူကောင်းများဖြစ်လာစေရန် ငယ်ရွယ်ချိန်မှစ၍ လူကြီး၊ မိဘ၊ ဆရာသမားတို့၏ ဆိုဆုံးမမှုများကို လေးစားလိုက်နာပြီး ကြိုးစားကျင့်ကြံနေထိုင်ရမည်ဖြစ်ကြောင်းကို ရေးဖွဲ့ထားသည့် “ဆူးကလေး၏ အပေါင်းအသင်း” နှစ်မျက်နှာကာတွန်း၊ နွားနို့နှင့် မတည့်သော အစားအစာအချို့ အကြောင်းကို ကလေးတို့ ဗဟုသုတဖြစ်ဖွယ် တင်ဆက်ထားသည့် “နို့နှင့် မတည့်သော သူငယ်ချင်း များ” နှစ်မျက်နှာကာတွန်းနှင့် မိမိအတွက်ရော သူတစ်ပါးအတွက်ပါ အကျိုးမရှိသော လုပ်ရပ်ကို လုပ်ဆောင်မိရာမှ ထိခိုက်နာကျင်မှုကို ခံစားရသော ပါဂျဲအကြောင်းကို ရေးဖွဲ့ထားသည့် “ရာဇာ၊ စိမ်းလဲ့နှင့် ပါဂျဲ ပါဝင်သည့် အကျိုးမရှိတဲ့အလုပ်” တစ်မျက်နှာကာတွန်းတို့ကို တင်ဆက်ထားပါသည်။
သုတကဏ္ဍအနေဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားချိန်အပါအဝင် အားလပ်သောအချိန်တွင် အချိန်ကို အကျိုးရှိရှိအသုံးချတတ်စေရန် နည်းလမ်းကောင်းအချို့အကြောင်းကို ကလေးတို့ ဖတ်ရှု ရမည်ဖြစ်သည်။ ပုံပြင်ကဏ္ဍတွင် မိခင်စကားကို နားမထောင်ဘဲ အစားမက်မိရာ ဘေးဒုက္ခနှင့် ကြုံတွေ့ရသော ဒရယ်ပျိုလေးအကြောင်းကို တင်ဆက်ထားပါသည်။ ထို့ပြင် ကလေးကာတွန်း စာမူဖိတ်ခေါ်ခြင်းဆိုင်ရာ အကြော်ငြာကဏ္ဍနှင့် အချင်းချင်း အမုန်းစကား မပြောဆိုမိစေရန် အသိပေး ထားသည့် ပညာပေးကဏ္ဍတို့ကို တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် အင်္ဂလိပ်စာ ဝါကျအတွင်း Verb (ကြိယာ) အထားအသိုနှင့် Preposition (ဝိဘတ်)ကို မှန်မှန်ကန်ကန် အသုံးပြုတတ်မှုနှင့် article (a, an, the)ကို မှန်မှန်ကန်ကန် ရွေးချယ်ခြင်းဆိုင်ရာ သင်ခန်းစာသစ်အချို့ကို ကလေးတို့ လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ်နှုန်း ဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉- ၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။