ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ် အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန်ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁၉ ရက် (စနေနေ့) တွင်ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၂) အမှတ် (၃၈) ၌ သူငယ်ချင်းအပေါင်းအသင်းမရှိသော ကြောင်လေးမှာ သူငယ်ချင်းကောင်း ရရှိသွားပုံအကြောင်းကို ရေးဖွဲ့ထားသည့် “အပေါင်းအသင်း” မျက်နှာဖုံးကာတွန်း၊ မိသားစုဈေးဆိုင်လေးကို စည်းကမ်းတကျ မဆောင်ရွက်ဘဲ စိတ်ဝင်စားမှုမရှိခြင်းကြောင့် အမြတ် မရသည့်အပြင် အရင်းပါ ပြုတ်သွားရပုံအကြောင်းကို ပညာပေးရေးဖွဲ့ထားသည့် “အိမ်ဆိုင်လေး” နှစ်မျက်နှာကာတွန်း၊ မိမိထက် အတန်းငယ်သော မောင်လေး ညီမလေးများတွင် ကျောင်းသင်ခန်းစာ နှင့်ပတ်သက်၍ နားမလည်သည်ကို တွေ့ရှိပါက နားလည်အောင် အရင်ရှင်းပြပြီးမှ ကူညီဖို့ လိုကြောင်းကို ရေးဖွဲ့ထားသည့် “ချက်စူရဲ့ ကျွန်တော့် ဆရာကြီး”နှစ်မျက်နှာကာတွန်း၊ လမ်းမပေါ်ထွက်ကစားခြင်းကြောင့် မိမိတွင်သာမက သူတစ်ပါးကိုပါ ဒုက္ခရောက်စေခဲ့ပုံအကြောင်း ရေးဖွဲ့ထားသည့် “စုစု”နှစ်မျက်နှာကာတွန်းနှင့်ဆန်ကို သေသေချာချာဆေးပြီးမှ ထမင်းချက်သည် ဆိုသော ရန်ပိုင်စိုးအကြောင်းကို ရေးဖွဲ့ထားသည့် တစ်မျက်နှာဟာသ ကာတွန်း၊ သုတကဏ္ဍ အနေဖြင့် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားခြင်းမှ ကာကွယ်နိုင်သော ကြိုတင် ကာကွယ်ခြင်းဆိုင်ရာ နည်းလမ်းများတချို့အကြောင်းကို ကလေးတို့ သိရှိနိုင်ရန် တင်ဆက်ထားပါသည်။ ဝတ္ထုကဏ္ဍတွင် ကလေး အလုပ်သမားများဖြစ်ခြင်းမှ တားဆီးကာကွယ်နိုင်ရန်အတွက် ကျောင်းနေအရွယ်ကလေးများအား ပညာသင်ကြားခွင့် အပြည့်အဝပေးနိုင်ရန် အရေးကြီး ကြောင်းကို ရေးသားထားပါသည်။ ထို့ပြင် ရွှေသွေးတို့အတွက် ကလေးကာတွန်းလက်ရာ စာမူဖိတ်ခေါ်ခြင်းဆိုင်ရာ ကြော်ငြာကဏ္ဍကို တင်ဆက် ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် နေ့စဉ်သုံး အင်္ဂလိပ်စကားပြောနှင့်ပတ်သက်၍ သင်ခန်းစာသစ်အချို့ကို ကလေးတို့ လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ်(၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ဖုန်း-၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။