ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန်ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁၂ ရက် (စနေနေ့) တွင်ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၂) အမှတ် (၃၇) ၌ ဂျော်ကီပြောလိုက်သော အကြောင်းအရာအပေါ် စိတ်ဝင်စားပြီး အမှန်တကယ် ဟုတ်၊ မဟုတ် သိလိုသော ပုတုအကြောင်းကို သရုပ်ဖော်ထားသည့် “တော်တော်နောက်တဲ့ ဂျော်ကီ” မျက်နှာဖုံးကာတွန်း၊ ညအိပ်ချိန်တွင် ထွက်ပေါ်လာသည့် အသံ တစ်သံကြောင့် ယုန်လေးကြောက်လန့်ပြီး ဒုက္ခရောက်ခဲ့ရပုံအကြောင်းကို ရေးဖွဲ့ထားသည့် “ယုန်ကလေးဖြူတုတ်- အသံ” နှစ်မျက်နှာကာတွန်း၊ အချိုကြိုက်သော သူငယ်ချင်းအကြောင်းကို ရေးဖွဲ့ထားသည့် “ပိုင်ပိုင်” တစ်မျက်နှာကာတွန်း၊ ဘောလုံးကန်ဝါသနာပါသော စိန်မျောက်မျောက်၏ ကံဆိုးခြင်းနှင့် ကံကောင်းခြင်းနှစ်မျိုးလုံး တွေ့ကြုံရပုံအကြောင်းကို ရေးဖွဲ့ထားသည့် “စိန်မျောက်မျောက်- ကံ”နှစ်မျက်နှာကာတွန်းနှင့် မိမိ၏ပျော်ရွှင်မှုအတွက် တခြားသူကို ဒုက္ခရောက် စေသော အပြုအမှုမျိုး မပြုလုပ်မိစေရန် သတိထားရမည်ဖြစ်ကြောင်းကို ရေးဖွဲ့ထားသည့် “အမှားတစ်ခု စနောက်မှု” နှစ်မျက်နှာကာတွန်းတို့ကို တင်ဆက်ထားပါသည်။
သုတကဏ္ဍတွင် ကမ္ဘာလုံးဆိုင်ရာ ကုလသမဂ္ဂအဖွဲ့ကြီး၏ အောင်မြင်မှုများအကြောင်းကို ကလေးတို့ ဗဟုသုတဖြစ်ဖွယ် ဖတ်ရှုရမည်ဖြစ်ပါသည်။ ပုံပြင်ကဏ္ဍတွင် ရိုးသားပြီး အလုပ်ကြိုးစားသော မောင်ဒီပလေးသည် မှန်ကန်ဖြောင့်မတ်ပြီး သစ္စာရှိသော မြို့စားကြီး၏ ချီးမြှင့်မြှောက်စားခြင်းကို ခံရကာ မိဘများအပေါ် လိုလေသေးမရှိ ကျွေးမွေးပြုစုစောင့်ရှောက်ပေးနိုင်ခဲ့ပုံအကြောင်းကို တင်ဆက်ထားပါသည်။ ထို့ပြင် ရွှေသွေးကလေးကာတွန်း ဖိတ်ခေါ်ခြင်းဆိုင်ရာ ကြော်ငြာကဏ္ဍကို ထည့်သွင်းထားပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် Imperative ဆိုသည့် အမိန့်ပေး၊ ခိုင်းစေ၊ အကြံပြုခြင်း ဆိုင်ရာ ဝါကျတည်ဆောက်ပုံ သင်ခန်းစာအချို့ကို ကလေးတို့ လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ်နှုန်း ဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။