ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ် အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန်ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၅ ရက် (စနေနေ့) တွင်ထွက်ရှိမည့် ရွှေသွေး ဂျာနယ် အတွဲ(၅၂) အမှတ် (၃၆) ၌ ပုပုတို့သူငယ်ချင်းတစ်စုသည် ငယ်ရွယ်သူများဖြစ်သော်လည်း လူကြီးသူမများအပေါ် ရိုသေကိုင်းရှိုင်းပြီး နားလည်သိတတ်ပုံအကြောင်းကို ရေးဖွဲ့ထားသည့် “ပုပု ပါဝင်သည့် နေပါစေဒေါ်ဒေါ်” မျက်နှာဖုံးကာတွန်း၊ ညသန်းခေါင်ယံအချိန်တွင် ထွက်ပေါ်လာ တတ်သည့် မကောင်းဆိုးဝါးတစ်ကောင်၏ သရုပ်အမှန်ကို ဖော်ထုတ်ပေးနိုင်ခဲ့သည့် ကျောင်းဆရာ ဦးအောင်ကြီးအကြောင်းကို ရေးဖွဲ့ထားသည့် “မကောင်းဆိုးဝါး” နှစ်မျက်နှာကာတွန်း၊ အချို့သော ကိစ္စရပ်များသည် အခြေအနေအချိန်အခါကိုကြည့်၍ ဆောင်ရွက်ပါက ပို၍အရာရောက်ပုံ အကြောင်း ကို ရေးဖွဲ့ထားသည့် “အချိန်အခါ” နှစ်မျက်နှာကာတွန်း၊ သခင်ပစ်ပေးလိုက်သော ဘောလုံးအား အလိုက်သင့်ဖမ်းယူလာပေးသော ခွေးလေးအကြောင်းကို သရုပ်ဖော်ထားသည့် “ရွှေချည်ဇာနှင့် ဘောလုံး”တစ်မျက်နှာကာတွန်းနှင့် ခွေးအကိုက်မခံရရန် သံချပ်ကာအင်္ကျီဝတ်လာသော လူငယ်လေး အကြောင်းကို ရေးဖွဲ့ထားသည့် “ဖိုးသား” တစ်မျက်နှာကာတွန်းတို့ကို တင်ဆက်ထားပါသည်။
သုတကဏ္ဍတွင် ကမ္ဘာပေါ်ရှိ သက်ရှိအရာများ၏ အစာစွမ်းအင် စီးဆင်းပုံအကြောင်းကို ကလေးတို့ ဖတ်ရှုရမည်ဖြစ်ပါသည်။ ဝတ္ထုကဏ္ဍအနေဖြင့် မိမိ၏ အစအနောက်သန်မှုကြောင့် သူတစ်ပါးအား ဘေးဒုက္ခရောက်စေခဲ့သောကြောင့် နောင်တွင် နောက်ပြောင်ခြင်းမပြုရန် ကတိစကားဆိုသော ကျောင်းသားလေးဇော်မောင်အကြောင်းကို တင်ဆက်ထားပါသည်။ ထို့ပြင် ကလေးတို့ကိုယ်တိုင် ရေးဆွဲထားသည့် ကာတွန်း၊ ပန်းချီလက်ရာ စာမူဖိတ်ခေါ်ခြင်းဆိုင်ရာ ကြော်ငြာကဏ္ဍကိုလည်း တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် နေ့စဉ်သုံး အင်္ဂလိပ်စကားပြောနှင့် ပတ်သက်၍ သင်ခန်းစာအချို့ကို ကလေးတို့ လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ်နှုန်း ဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ်(၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ဖုန်း-၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။