ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ် အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန်ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့ တိုင်းထုတ်ဝေလျက်ရှိရာ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၂၉ ရက် (စနေနေ့) တွင်ထွက်ရှိမည့် ရွှေသွေး ဂျာနယ် အတွဲ(၅၂) အမှတ် (၃၅) ၌ သူတစ်ပါး၏ ပစ္စည်းကိုကောက်ရပါက အချောင်လိုချင်စိတ် မမွေးဘဲ ပိုင်ရှင်အား ပြန်ပေးရမည်ဖြစ်ကြောင်းကို ပညာပေးရေးဖွဲ့ထားသည့် “ကိုယ်ချင်းစာပါ” မျက်နှာဖုံးကာတွန်း၊ ရွှေပိုး၏ ပျောက်ဆုံးနေသော သိုးဖြူလေးအား ရှာဖွေတွေ့ရှိသွားပုံအကြောင်းကို ရေးဖွဲ့ထားသည့် “သိုးဖြူ သိုးမည်း” နှစ်မျက်နှာကာတွန်း၊ ကလေးတို့အနေဖြင့် မိုးရာသီအချိန် မိုးကြိုးဘေးအန္တရာယ်ကို သတိပြုဆင်ခြင်ရမည် ဖြစ်ကြောင်းကို ပညာပေးရေးဖွဲ့ထားသည့် “ရိုးရိုး လေး-မိုးနှင့်မိုးကြိုး” နှစ်မျက်နှာကာတွန်းနှင့် တိရစ္ဆာန်လေးများအပေါ်တွင် စေတနာထားတတ်ရန် သိရှိသွားသော ဖိုးတုတ်အကြောင်းကို ရေးဖွဲ့ထားသည့် “ပေတိုး၊ ဖိုးတုတ်ရဲ့သူ့ကျေးဇူး” နှစ်မျက်နှာ ကာတွန်းတို့ကို တင်ဆက်ထားပါသည်။
သုတကဏ္ဍတွင် ၇၅ နှစ် ပြည့်မြောက်တော့မည်ဖြစ်သည့် ကမ္ဘာလုံးဆိုင်ရာ ကုလသမဂ္ဂအဖွဲ့ အစည်းအကြောင်းကို ကလေးတို့ ဗဟုသုတဖြစ်ဖွယ် ဖတ်ရှုရမည်ဖြစ်ပါသည်။ ဝတ္ထုကဏ္ဍအနေဖြင့် မိမိကိုယ်မိမိ ဂုဏ်ယူဝင့်ကြွားကာ မာနကြီးပြီး သူတစ်ပါးအပေါ်တွင် အနိုင်ကျင့်ခဲ့သော အပြုအမှုများ ကြောင့် အလွန်ပင်အရှက်ရမိနေသော ကြက်ဖကြီးအကြောင်းကို ဖတ်ရှုရမည်ဖြစ်ပါသည်။ ထို့ပြင် ရွှေသွေးကလေးကာတွန်း စာမူဖိတ်ခေါ် ခြင်းဆိုင်ရာကဏ္ဍနှင့် ပေးထားသော ရုပ်ပုံများတွင် မတူရာအချက် (၁၀) ချက်ကို ကလေးတို့ မျက်စိလျင်လျင်ဖြင့် ရှာကြည့်နိုင်မည့် ဉာဏ်စမ်းကဏ္ဍ တို့ကို တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် အမိန့်ပေးခြင်း၊ ခိုင်းစေခြင်း၊ အကြံပေးခြင်းစသည့် imperative ဆိုသော အင်္ဂလိပ်စာဝါကျ တည်ဆောက်ပုံအချို့ကို တင်ဆက် ထားသည့် သင်ခန်းစာသစ်ကို ကလေးတို့ လေ့လာမှတ်သား နိုင်မည်ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ်(၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ဖုန်း-၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။