ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန်ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၂၂ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၂) အမှတ် (၃၄) ၌ ရန်ကိုရန်ချင်း မတုံ့ပြန်ဘဲ တစ်ဦးအပေါ်တစ်ဦး မေတ္တာတရားထားကာ ပေါင်းသင်းဆက်ဆံမည်ဆိုပါက အချင်းချင်းညီညွတ်စွာ နေထိုင်နိုင်ကြောင်းကို ရေးဖွဲ့ထားသည့် “မုဆိုးနှင့်ဘဲပိုင်ရှင်” မျက်နှာဖုံးကာတွန်း၊ ငှက်ကလေးသည် ကျေးဇူးရှင်အား ကျေးဇူးပြန်ဆပ်ခဲ့ပုံအကြောင်းကို ရေးဖွဲ့ထားသည့် “ကျေးဇူးသိတဲ့ ငှက်ကလေး” နှစ်မျက်နှာ ကာတွန်း၊ မိမိကိုယ်မိမိ အထင်ကြီးပြီး ဘဝင်မြင့်နေသော ကျားကြီးအကြောင်းကို ရေးဖွဲ့ထားသည့် “ကျားကြီးမှုံတေ” နှစ်မျက်နှာကာတွန်း၊ သူငယ်ချင်းအချင်းချင်း အနိုင်ယူလိုစိတ်မထားဘဲ ချစ်ချစ်ခင်ခင် ပေါင်းသင်းဆက်ဆံရမည် ဖြစ်ကြောင်းကို ရေးဖွဲ့ထားသည့် “ညီပု” နှစ်မျက်နှာ ကာတွန်းနှင့် အရေးကြုံပါက ဉာဏ်ပညာကိုထုတ်သုံးတတ်ရန် အရေးကြီးကြောင်း ရေးဖွဲ့ထားသည့် “ဉာဏ်ပညာ” တစ်မျက်နှာကာတွန်းတို့ကို တင်ဆက်ထားပါသည်။
သုတကဏ္ဍအနေဖြင့် သဘာဝအရင်းအမြစ်အမျိုးအစားများအကြောင်းကို ကလေးတို့ ဗဟုသုတဖြစ်ဖွယ် တင်ဆက်ထားပါသည်။ ဝတ္ထုကဏ္ဍတွင် ကျိုက္ခမီ စက်စဲခရီးကို မသွားလိုက် ရသော အောင်အောင်အကြောင်းကို ဖတ်ရှုရမည်ဖြစ်ပါသည်။ ထို့ပြင် ရွှေသွေးဂျာနယ် ကလေး ကာတွန်းစာမူဖိတ်ခေါ်ခြင်း ကဏ္ဍကို တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် နေ့စဉ်သုံး အင်္ဂလိပ်စကားပြောနှင့်ပတ်သက်၍ သင်ခန်းစာသစ်အချို့ကို ကလေးတို့ လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ်နှုန်း ဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ်(၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း-၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။