ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန်ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့ တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၁၅ ရက် (စနေနေ့) တွင်ထွက်ရှိမည့် ရွှေသွေး ဂျာနယ် အတွဲ(၅၂) အမှတ် (၃၃) ၌ မိကျောင်းအတုကို အစစ်ဟုထင်မှတ်ကာ သေနတ်ဖြင့်ပစ်မိပုံ အကြောင်းကိုရေးဖွဲ့ထားသည့် “ဖိုးချွန်း၊ ဝိတ်ပေါ ပါဝင်သည့် သိမှမသိဘဲဟာကို” မျက်နှာဖုံးကာတွန်း၊ အခက်အခဲဖြစ်ချိန်တွင် အချင်းချင်းကူညီရိုင်းပင်းကာ တစ်ဦး၏စေတနာကို တစ်ဦးက လေးစား မြတ်နိုးတန်ဖိုးထားတတ်ပုံအကြောင်းကို ရေးဖွဲ့ထားသည့် “ပုပုပါဝင်သည့် စေတနာရောင်ပြန် ဘိန်းမုန့်” နှစ်မျက်နှာကာတွန်း၊ နှုတ်ထွက်စကား တစ်ခွန်းသည် ကောင်းမွန်သောစကားတစ်ခွန်း ဖြစ်ရန် အင်မတန်အရေးကြီးပုံအကြောင်းကို ရေးဖွဲ့ထားသည့် “စိန်မျောက်မျောက်-စကားတစ်ခွန်း” နှစ်မျက်နှာကာတွန်း၊ လုပ်ကိုင်ဆောင်ရွက်သော အမှုကိစ္စတိုင်းတွင် အလေအလွင့် မဖြစ်စေရေးကို သတိထားဆင်ခြင်သင့်ပုံအကြောင်းကို ရေးဖွဲ့ထားသည့် “ခြိုးခြံချွေတာခြင်း” နှစ်မျက်နှာကာတွန်းနှင့် အချင်းချင်းယှဉ်ပြိုင်ရာ၌ ကောင်းမွန်သောလုပ်ဆောင်ချက်များတွင်သာ ယှဉ်ပြိုင်တတ်ရမည်ဖြစ် ကြောင်းကိုရေးဖွဲ့ထားသည့် “ရန်ပိုင်စိုး” တစ်မျက်နှာကာတွန်းတို့ကို တင်ဆက်ထားပါသည်။
သုတကဏ္ဍတွင် မြေအောက်ရေအကြောင်း၊ မြေအောက်ရေ၏အသုံးဝင်ပုံနှင့် မြေအောက်ရေ ထိန်းသိမ်းရေးဆိုင်ရာ အချက်အလက်များအကြောင်းကို ကလေးတို့ဗဟုသုတဖြစ်ဖွယ် ဖတ်ရှုနိုင်မည် ဖြစ်ပါသည်။ ပုံပြင်ကဏ္ဍတွင် အသွင်မတူကွဲပြားမှုများ ရှိသော်လည်း အချင်းချင်းချစ်ခင်ကြင်နာစွာ ဖြင့် မေတ္တာတရားများ ပွားများနိုင်ခြင်းကြောင့် အခက်အခဲကို အောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့ပုံ အကြောင်းကို တင်ဆက်ထားပါသည်။ ထို့ပြင် ကလေးတို့ကိုယ်တိုင်ပါဝင်ဆောင်ရွက်နိုင်မည့် dot to dot ကဏ္ဍကိုလည်း တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် ဝါကျအတွင်း Transitive Verb အသုံးနှင့်ပတ်သတ်၍ သင်ခန်းစာသစ်အချို့ကို ကလေးတို့ လေ့လာမှတ်သားနိုင်မည် ဖြစ်ပါ သည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ်နှုန်း ဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ်(၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ဖုန်း-၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။