ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ် အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင် ၁၁ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၂)၊ အမှတ်(၂၈)၌ သူတစ်ပါး၏ အားနည်းချက်ကို ထုတ်ဖော်၍ ပြုမူပြောဆိုခြင်းကို မပြုလုပ်မိစေရန် သတိထားရမည်ဖြစ်ကြောင်း ရေးဖွဲ့ထားသည့် “အမုန်းစကားမဆိုကြေး” မျက်နှာဖုံးကာတွန်း၊ ကိုကိုသည် ညီညီအား ဆံပင်ညှပ်ဆိုင်ပို့ပေးခဲ့ပုံအကြောင်းကို ဟာသဖြစ်ဖွယ် ရေးဖွဲ့ထားသည့် “ကိုကို ညီညီ” နှစ်မျက်နှာဟာသကာတွန်း၊ သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေး လုပ်ကိုင်ဆောင်ရွက်ရန် အရေးတကြီးလိုအပ်နေပြီဖြစ်ကြောင်းကို ပညာပေးရေးဖွဲ့ ထားသည့် “လိုအပ်နေပြီ” နှစ်မျက်နှာကာတွန်း၊ အင်မတန်ရိုးအလွန်းသော ရွှေရိုးအကြောင်းကို ရေးဖွဲ့ထားသည့် “ရိုးလွန်းသော ရွှေရိုး” နှစ်မျက်နှာကာတွန်းနှင့် ပေတိုးနှင့် ဖိုးတုတ်တို့၏ ငါးအကြီးပြိုင်ပုံအကြောင်းကို ရေးဖွဲ့ထားသည့် “TV ထဲမှာ” တစ်မျက်နှာဟာသကာတွန်းတို့ကို တင်ဆက်ထားပါသည်။
သုတကဏ္ဍတွင် လိုက်နာကျင့်သုံးအပ်သော မြန်မာ့ယဉ်ကျေးမှုဆိုင်ရာ နီတိများအကြောင်းကို ဖတ်ရှုရမည်ဖြစ်ပါသည်။ ၀တ္ထုကဏ္ဍအနေဖြင့် အစာစားရာတွင် ဓာတ်မတည့်သော အစားအစာများကို တွဲဖက်မစားမိစေရန် အထူးသတိပြုဆင်ခြင်သင့်ပုံအကြောင်းကို ပညာပေးတင်ဆက် ထားပါသည်။ ထို့ပြင် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဆောင်ရွက်ချက်များကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရန် ကိုဗစ်-၁၉ Call Center များ ဖွင့်လှစ်ထားရှိပုံအကြောင်းကို တင်ဆက်ထားသည့် ကျန်းမာရေးဆိုင်ရာ အသိပေးချက်ကဏ္ဍနှင့် ပေးထားသောရုပ်ပုံကိုကြည့်၍ ကလေးတို့ကိုယ်တိုင် အဖြေမှန်ကို ရှာဖွေနိုင်မည့် “နှာခေါင်းစည်း Mask များကို အပြင်ထွက်တိုင်း တပ်ဆင်ပါ” ကဏ္ဍတို့ကို တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် ဝါကျအတွင်း English Daily Conversation အကြောင်းနှင့်ပတ်သက်၍ အပြန်အလှန်မေးမြန်းပြောဆိုပုံ သင်ခန်းစာသစ် အချို့ကို ကလေးတို့ လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။