ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ် အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၁၃ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၂)၊ အမှတ်(၂၄)၌ သဘာ၀သစ်တောသစ်ပင်များကို ထိန်းသိမ်းဖို့ရာ အလေးထား ဆောင်ရွက်သင့် ပုံအကြောင်းနှင့် ငါးများ မျိုးသုဉ်းမသွားစေရန် သတိပြုဆင်ခြင်သင့်ပုံအကြောင်းကို တင်ဆက်ထားသည့် “ဒီရေတောကအပြန်” မျက်နှာဖုံးကာတွန်း၊ ပုပုတို့သူငယ်ချင်းတစ်စု၏ ကြက်ခြေနီရှေးဦးပြုစုနည်းဖြင့် သတိလစ်နေသော ပေစိ၏အမေအား ပြုစုကုသပေးခဲ့ပုံအကြောင်းကို ရေးဖွဲ့ထားသည့် “ပုပုပါဝင်သည့် သိပါလေစ” နှစ်မျက်နှာကာတွန်း၊ စဉ်းစားဆင်ခြင်နိုင်စွမ်းမရှိသော ဆိတ်နှင့် ကတိမတည်သော မြေခွေးအကြောင်းကို သရုပ်ဖော်ထားသည့် “ဦးနှောက်နည်းတဲ့ဆိတ်” နှစ်မျက်နှာကာတွန်း၊ လတ်တလောဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားခြင်းမှ ကာကွယ်ရန် သတိပြုလိုက်နာစရာများ အကြောင်းကို ပညာပေးရေးသားထားသည့် “ကျန်းမာရေး ဂရုစိုက်” တစ်မျက်နှာကာတွန်းနှင့် အချင်းချင်းပြောဆိုဆက်ဆံရာတွင် သူတစ်ပါး၏ အားနည်းချက်ကို ထုတ်ဖော်၍ အနိုင်ယူပြောဆိုခြင်း ကို မပြုလုပ်မိစေရန် သတိထားဆင်ခြင်သင့်ပုံအကြောင်းကို ရေးဖွဲ့ထားသည့် “ အမုန်းစကားမပြောပါနဲ့” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။
သုတကဏ္ဍတွင် မြန်မာလူမျိုးတို့၏ အရသာရှိသော ဟင်းလျာတစ်မျိုးဖြစ်သည့် မှိုဟင်းအကြောင်းကို ဗဟုသုတဖြစ်ဖွယ် ဖတ်ရှုရမည်ဖြစ်ပါသည်။ ဝတ္ထုကဏ္ဍအနေဖြင့် မိဘစကားနားထောင် သော ဖိုးသက်သည် သူ့မိခင်၏ ဆုံးမသွန်သင်လမ်းပြမှုများအပေါ် လေးစားဂုဏ်ယူမိပုံအကြောင်းကို ဖတ်ရှုရမည်ဖြစ်ပါသည်။ ထို့ပြင် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဆောင်ရွက်ချက်များကို အရှိန်မြှင့်ဆောင်ရွက်နိုင်ရန် ကိုဗစ်-၁၉ Call Center များကို ဖွင့်လှစ်ထားရှိပုံ အကြောင်းကို တင်ဆက်ထားသည့် ကျန်းမာရေးဆိုင်ရာ အသိပေးချက်ကဏ္ဍနှင့် ရာသီပေါ် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန်အတွက် ကြိုတင်ကာကွယ်ရန် သတိပြုလိုက်နာ ဆောင်ရွက်ရ မည့် အချက်များအကြောင်းကို သရုပ်ဖော်ပုံများဖြင့် ဝေဝေဆာဆာ တင်ဆက်ထားသည့် “ သွေးလွန် တုပ်ကွေးမဖြစ်ရေး” ကဗျာကဏ္ဍတို့ကို တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍတွင် မိမိဘဝတွင် ရရှိခဲ့ပြီးဖြစ်သော အောင်မြင်မှုတစ်ခုခုအကြောင်းနှင့်ပတ်သက်၍ အပြန်အလှန် မေးမြန်းပြောဆိုပုံ အင်္ဂလိပ်စာဝါကျတည်ဆောက်ပုံအချို့ကို လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။