ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက်ကလေးများ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေ လျက်ရှိရာ ၂၀၂၀ ပြည့်နှစ်၊ မေလ ၂၃ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၂)၊ အမှတ် (၂၁) ၌ ဖိုးတူး၏ သူတစ်ပါးမခံချင်အောင် စနောက်တတ်သော အလေ့အကျင့်ကြောင့် မိမိတွင် ပြန်လည်ထိခိုက်တတ်သည့်အကြောင်း တင်ဆက်ထားသည့် “အစသန်သူ’’ မျက်နှာဖုံးကာတွန်း၊ သစ်ပင်ကောင်းတစ်ပင်တွင် ငှက်တစ်သောင်းနားနေနိုင်ရုံသာမက မြွေတစ်ကောင်လည်း ရှိနေနိုင်ပုံ အကြောင်း ရေးဖွဲ့ထားသည့် “ဖိုးလုံး” နှစ်မျက်နှာဟာသကာတွန်း၊ ကိစ္စကြီးငယ်တို့ကို ဆောက်ရွက်ရာတွင် အဆင်ပြေပြီးမြောက်စေရန် အခြေအနေအချိန်အခါကို ကြည့်ပြီး လိုက်လျောညီထွေစွာ ပြုမူ ဆောက်ရွက်တတ်ရမည်ဖြစ်ကြောင်း ပညာပေးရေးဖွဲ့ထားသည့် “လှေနံဓားထစ်” နှစ်မျက်နှာကာတွန်း၊ ရန်ပိုင်စိုးသည် စာဖတ်ရန်ပြင်လိုက်တိုင်း အိပ်ပျော်သွားတတ်သည့် ကလေးတစ်ယောက် အကြောင်းရေးဖွဲ့ထားသည့် “ရန်ပိုင်စိုး’’ တစ်မျက်နှာကာတွန်းနှင့် လူတို့တွင် ဖြစ်လေ့ရှိသော သိစိတ်နှင့် မသိစိတ်အကြောင်းကို ဟာသဖြစ်ဖွယ်ရေးသားထားသည့် ‘‘ပူတင်း- သိစိတ်နှင့် မသိစိတ်’’ တစ်မျက်နှာ ကာတွန်းတို့ကို တင်ဆက်ထားပါသည်။
သုတကဏ္ဍတွင် ခန္ဓာကိုယ်ကျန်းမာရေးအတွက် အာဟာရမျှမျှတတစားသုံးခြင်းကြောင့် ရရှိနိုင်သော အကျိုးကျေးဇူးများအကြောင်းကို ဗဟုသုတဖြစ်ဖွယ် ဖတ်ရှုရမည် ဖြစ်ပါသည်။ ပုံပြင်ကဏ္ဍအနေဖြင့် ခရုမလေး၏ မိခင်သတိပေးစကားကို သတိမမူမိရာက ချစ်သူနဲ့ ဝေးခဲ့ရပုံအကြောင်းကို တင်ဆက်ထားပါသည်။ ထို့ပြင် အမုန်းစကားမပြောဆိုရေး ရေးသားတင်ဆက်ထားသည့် ပညာပေးကဏ္ဍနှင့် စန္ဒယားဖြင့်တီးခတ်နိုင်မည့် ညအချိန်ကြက်ဖကြီး၏ လူတို့အပေါ် အကျိုးပြုပုံအကြောင်းကို တင်ဆက်ထားသည့် သံစဉ်ကဗျာကဏ္ဍတို့ကို တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍတွင် Infinitive နှင့် V-ing (gerund) အသုံးတို့နှင့် ပတ်သက်၍ ဝါကျတည်ဆောက်ပုံ အချို့ကို ကလေးတို့ လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁- ၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။