ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၂၅ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၂)၊ အမှတ်(၁၇)၌ ကမ္ဘာ့အလုပ်သမားနေ့သမိုင်းကြောင်းကို ဗဟုသုတဖြစ်ဖွယ် တင်ဆက်ထားပြီး မိုဘိုင်းဖုန်းကို အကျိုးရှိရှိအသုံးချသင့်ပုံအကြောင်း ရေးဖွဲ့ထားသည့် “တန်ဖိုးရှိသော ဖုန်းလေး” မျက်နှာဖုံးကာတွန်း၊ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်ရန်နှင့် ရေချိုးရန်ပျင်းသော သားဖိုးဇော်၏အဖြစ်ကို ဟာသရေးဖွဲ့ထားသည့် “ဖိုးဇော်-လေ့ကျင့်ခန်း” နှစ်မျက်နှာကာတွန်း၊ နွေရာသီအားလပ်ရက် ကျောင်းပိတ်ချိန်တွင် သင်တန်းများတက်ကာ အချိန်ကို အကျိုးရှိရှိအသုံးချတတ် သော မောင်ရွှေသွေးနှင့် သူငယ်ချင်းတို့အကြောင်းကို ရေးဖွဲ့ထားသည့် “မောင်ရွှေသွေး” တစ်မျက်နှာကာတွန်း၊ မိုးလေဝသသတင်းထုတ်ပြန်ချက်ကို မလိုက်နာမိရာက မိုးမိခဲ့ရသော စိန်မျောက်မျောက်အကြောင်းကို ရေးဖွဲ့ထားသည့် “စိန်မျောက်မျောက်- မိုးလေဝသသတင်း” နှစ်မျက်နှာ ကာတွန်းနှင့် ကိုရိုနာဗိုင်းရပ်စ်မကူးစက်စေရန် ကြိုတင်ကာကွယ်တားဆီးနိုင်သော ကျန်းမာရေးဆိုင်ရာ လိုက်နာနိုင်မည့် နည်းလမ်းများအကြောင်းကို ရေးဖွဲ့ထားသည့် “ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကာကွယ်ဖို့ မောင်တို့မယ်တို့ လိုက်နာစို့’’ တစ်မျက်နှာကာတွန်းတို့ကို တင်ဆက်ထားပါသည်။
သုတကဏ္ဍတွင် အမေရိကမြွေပွေးအကြောင်းကို ဗဟုသုတဖြစ်ဖွယ် ဖတ်ရှုရမည်ဖြစ်ပါသည်။ ပုံပြင်ကဏ္ဍအနေဖြင့် သူတစ်ပါးပိုင်ဥစ္စာပစ္စည်းကို မတရားလိုချင်တပ်မက်ခြင်းကြောင့် ဒုက္ခရောက်ရ သော ကျားဆိုးကြီးအကြောင်းကို ရေးဖွဲ့ထားပါသည်။ ထို့ပြင် ပေးထားသောရုပ်ပုံများတွင် ကလေးတို့ ကိုယ်တိုင် အရောင်လေးများကို ခြယ်သနိုင်မည့် ဉာဏ်စမ်းကဏ္ဍနှင့် ကိုရိုနာဗိုင်းရပ်စ် မကူးစက်စေရန် ကြိုတင်ကာကွယ်တားဆီးနိုင်သော ကျန်းမာရေးဆိုင်ရာ လိုက်နာနိုင်မည့် နည်းလမ်းများအကြောင်းကို သရုပ်ဖော်ပုံများဖြင့် ပညာပေးတင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍတွင် ဝါကျအတွင်း V-ing (gerund)အသုံးနှင့် ပတ်သက်၍ အင်္ဂလိပ်စာဝါကျ တည်ဆောက်ပုံအချို့ကို လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။