ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက် ကလေးများ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေ လျက်ရှိရာ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၁၁ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၂)၊ အမှတ် (၁၅) ၌ မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် ဆင်နွှဲပုံအကြောင်းကို ရေးဖွဲ့ထားသည့် “မင်္ဂလာသင်္ကြန်’’ မျက်နှာဖုံးကာတွန်း၊ ဉာဏ်ကောင်းသော ရှင်းသန့်နှင့် ရွှေချည်ဇာတို့၏ အဖြစ်ကို ဟာသမြောက်အောင် ရေးဖွဲ့ထားသည့် “ရွှေချည်ဇာနှင့် သင်္ကြန်ရေ” နှစ်မျက်နှာကာတွန်း၊ ရေနစ်နေသူကို ကယ်တင်ရာတွင် ဆံပင်အတုကိုသာ ဆွဲယူမိသည့် ဖိုးသား၏အဖြစ်ကို ဟာသဖြစ်ဖွယ် ရေးဖွဲ့ထားသည့် “ဖိုးသား’’ တစ်မျက်နှာကာတွန်းနှင့် သင်္ကြန်ရုံးပိတ်ရက်တွင် တရားစခန်းဝင်မည်ဆိုသော ကိုဗေထုံသည် ရဲစခန်းကို ရောက်သွားပုံကြောင်း ရေးဖွဲ့ထားသည့် ‘‘ဂျာရစ်၊ ဗေထုံ၊ ရွှေသွေး- စခန်းဝင်သင်္ကြန်’’ နှစ်မျက်နှာကာတွန်းနှင့် မြန်မာတို့၏ နှစ်သစ်ကူးသင်္ကြန်ရေပက်ဖျန်းရာတွင် ဖြစ်တတ်သော ဟာသအလွဲလေးအကြောင်း ရေးဖွဲ့ထားသည့် ‘‘သင်္ကြန်’’ တစ်မျက်နှာကာတွန်းတို့ကို တင်ဆက်ထားပါသည်။
သုတကဏ္ဍတွင် ရွှေသွေးပရိသတ်များ ကျန်းမာရေးဗဟုသုတတိုးပွားပြီး လိုက်နာကျင့်သုံးနိုင်စေရန်အလို့ငှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးနှင့် ပတ်သက်၍ လိုက်နာကျင့်သုံးအပ်သည့် ပညာပေးစာမျက်နှာကို ဗဟုသုတဖြစ်ဖွယ် ဖတ်ရှုရမည် ဖြစ်ပါသည်။ ပုံပြင်ကဏ္ဍအနေဖြင့် မိမိတွင် စစ်မှန်သည့် ကိုယ်ပိုင်အရည်အချင်းရှိမှသာ ဘဝတွင် အောင်မြင်မှုရရှိနိုင်မည် ဖြစ်ကြောင်း ပညာပေးရေးသားထားပါသည်။ ထို့ပြင် ပေးထားသောရုပ်ပုံတွင် ကလေးတို့ ဆေးရောင်လှလှခြယ်သနိုင်မည့် ဆေးရောင်ခြယ်ကဏ္ဍနှင့် မြန်မာ့ရိုးရာ နှစ်သစ်ကူးသင်္ကြန်ပွဲတော်ကို ရိုးရာအစဉ်အလာမပျက်စေဘဲ ပျော်ရွှင်စွာ ဆင်နွှဲကြပုံအကြောင်းကို သရုပ်ဖော်ပုံများဖြင့် ဝေဝေဆာဆာ တင်ဆက်ထားသည့် ကဗျာတို့ကို တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍတွင် to-infinitive အသုံးနှင့်ပတ်သက်၍ အင်္ဂလိပ်စာဝါကျ တည်ဆောက်ပုံအချို့ကို ကလေးတို့ လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁- ၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။