ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက် ကလေးများ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေ လျက်ရှိရာ ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၈ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၂)၊ အမှတ် (၁၃) ၌ ဥတုဘောဇနဆေးကျမ်းစာအုပ်တွင် ဗီတာမင်ဓာတ်နှင့် ပရိုတင်းဓာတ်များရနိုင်သော အစားအစာများအကြောင်း ပါဝင်ပုံကို ရေးဖွဲ့ထားသည့် “ဦးပေတလူနှင့် ဥတုဘောဌနကျမ်း’’ မျက်နှာဖုံးကာတွန်း၊ အုပ်စိုးခန့်၏ ပန်းသီးအကောင်းများ ရွေးဝယ်ခဲ့ပုံ အကြောင်းကို ဟာသဖြစ်ဖွယ် ရေးဖွဲ့ထားသည့် “အုပ်စိုးခန့်ပါဝင်သည့် အကုန်ကောင်းပါတယ်” နှစ်မျက်နှာကာတွန်း၊ ရွှေပိုးအား သူ့ဘိုးဘိုးက ရိုက်လိုက်ပုံအကြောင်းကို ဟာသဖြစ်ဖွယ် ရေးဖွဲ့ထားသည့် “အကြောင်းက ရွှေပိုး’’ တစ်မျက်နှာကာတွန်းနှင့် သူငယ်ချင်းများက စေတနာဖြင့် မုန့်ကျွေးသည်ကို သံသယစိတ်ဝင်နေသော စိန်မျောက်မျောက်၏ အဖြစ်ကို ရေးဖွဲ့ထားသည့် ‘စိန်မျောက်မျောက်- စေတနာ’’ နှစ်မျက်နှာကာတွန်းနှင့် ပါပီလေး၏ ကစားဖော်ရရှိသွားပုံအကြောင်း ကို ရေးဖွဲ့ထားသည့် ‘ဖိုးဇော်’ တစ်မျက်နှာကာတွန်းတို့ကို တင်ဆက်ထားပါသည်။
သုတကဏ္ဍတွင် တောခွေးဝံပုလွေတို့၏ နေထိုင်ကျက်စားပုံအကြောင်းကို ဗဟုသုတဖြစ်ဖွယ် ဖတ်ရှုရမည် ဖြစ်ပါသည်။ ပုံပြင်ကဏ္ဍအနေဖြင့် သူတစ်ပါးအကျိုးသယ်ပိုးဆောင်ရွက်ပေးရာမှ မိမိတွင်လည်း ကောင်းကျိုးချမ်းသာကို ပြန်လည်ရရှိပုံအကြောင်းကို ပညာပေးရေးသားထားပါသည်။ ထို့ပြင် ပုံထဲရှိ အစက်ကလေးများကို အစဉ်လိုက်ဆက်ခြင်းအားဖြင့် ဘာပုံလေးဖြစ်လာမည်ကို သိရှိနိုင်မည့် ပဟေဠိကဏ္ဍနှင့် နံနက်မိုးသောက်ချိန် ငှက်ကလေးများ၏ သာယာချိုအေးဖွယ် အသံများကို တွန်ကျူးကြပုံအကြောင်းကို သရုပ်ဖော်ပုံများဖြင့် ဝေဝေဆာဆာတင်ဆက်ထားသည့် ကဗျာတို့ကို တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍ တွင် adjective with enough/ too + to-infinitive အသုံးနှင့် ပတ်သက်၍ အင်္ဂလိပ်စာဝါကျ တည်ဆောက်ပုံအချို့ ကို ကလေးတို့ လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁- ၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။