ပြန်ကြားရေး၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက် ကလေးများဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ယခုလာမည့် (၁၈-၁၁-၂၀၁၇) နေ့ထုတ် ရွှေသွေးဂျာနယ်အတွဲ (၄၉)၊ အမှတ်စဉ် (၄၆) တွင် ပညာဉာဏ်မပြည့်၀သော ဗေဒင်ဆရာအား ပညာပေးသည့်မောင်လူသား လေးမျက်နှာ မျက်နှာဖုံးဇာတ်လမ်း၊ စိတ်ကူးနှင့် လက်တွေ့ပေါင်းစပ်မှသာ အလုပ်ပြီးမြောက်မည်ဖြစ်ကြောင်း ပြသသည့် နှစ်မျက်နှာဇာတ်လမ်း၊ တစ်ကိုယ်ကောင်းစိတ်မွေးသည့်ရွှေပိုး နှစ်မျက်နှာဇာတ်လမ်း၊ ရေမကူးကြည့်သေး လို့ ရေကူးတတ်၊ မကူးတတ်မသိတဲ့ ဖိုးလပြည့် တစ်မျက်နှာ ဟာသဇာတ်လမ်းတို့ကို ဖတ်ရှုကြရမည် ဖြစ်သည်။
သုတရသကဏ္ဍတွင် လူ့ခန္ဓာကိုယ်၏ အဓိကအကျဆုံးဆဲလ်လေးများအကြောင်း ဖတ်ရှုရမည် ဖြစ်သည်။ အိမ်အလုပ်များပါ တစ်ဖက်တစ်လမ်းကူညီ လုပ်ကိုင်ပေးပါမှ မိသားစုအတွင်း အေးချမ်း သာယာပြီး ကူညီတတ်သည့် အလေ့အကျင့်ကောင်းများပါရမည်ဖြစ်ကြောင်း ကလေး၀တ္ထုတွင် ဖတ်ရှု ရမည်ဖြစ်သည်။ အထူးကဏ္ဍအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအကြောင်း ဝေဝေဆာဆာ တင်ဆက်ထားပါသည်။
ကလေးတို့အင်္ဂလိပ်စာ အရည်အသွေးတိုးတက်စေရန်အတွက် ဝေါဟာရကဏ္ဍတွင် ပြုမူ ဆောင်ရွက်ပုံ ကြိယာအချို့ကို သရုပ်ဖော်ပုံများနှင့်တကွ တင်ဆက်ထားပါသည်။ နေ့စဉ် စကား ပြောရာတွင် လေ့ကျင့်နိုင်ရန် ယခုတစ်ပတ်တွင် ''ခွင့်မပြုဘူး၊ အခုရပါပြီ၊ အသင့်ဖြစ်ပါပြီ၊ ရပ်လိုက်စမ်း၊ မပြောပလောက်ပါဘူး၊ ဘာဖြစ်တာလဲ၊ ဘယ်လိုဖြစ်တာလဲ၊ တရားပါတယ်၊ မျှမျှတတရှိပါတယ်'' စသည်တို့ကို အင်္ဂလိပ်လိုပြောဆိုပုံ နမူနာဝါကျများဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် ရေးသားတင်ဆက်ထားပါသည်။ အစကောင်းမှ အနှောင်းသေချာဆိုသကဲ့သို့ အင်္ဂလိပ်ဘာသာတွင်လည်း သဒ္ဒါပိုင်မှ စာနိုင်မည်ဖြစ်သည့် အတွက် အခုတစ်ပတ်တွင် Used ၏ အဓိပ္ပာယ်၊ အသုံးအနှုန်း နှင့် ဝါကျတည်ဆောက်ပုံများကို ရှင်းလင်းချက်များ၊ နမူနာ၀ါကျများ၊ လေ့ကျင့်ရန် ဝါကျများဖြင့် တင်ဆက်ထားရာ ကလေးများနှစ်သက်မည်ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ် နှုန်းဖြင့် စာပေဗိမာန် အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-၀၁ ၃၈၁၄၄၈၊ ၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။