ပြန်ကြားရေး၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်သည် အသက် (၁၂) နှစ် အောက် ကလေးများ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၁၇ ခုနှစ် နို၀င်ဘာလ ၄ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၄၉)၊ အမှတ် (၄၄) ၌ ကလေးများအရာရာကို စိတ်ရှည်ရှည်ထား လုပ်ကိုင်တတ်စေရန်နှင့် စိတ်လိုက်မာန်ပါလုပ်ဆောင်ပါက မိမိသာပင်ပန်းဆင်ရဲဒုက္ခ ရောက်ရပုံကို ဖော်ညွှန်းထားသည့် မျက်နှာဖုံးဇာတ်လမ်း ပါ၀င်ပါသည်။ ထို့ပြင် နှစ်မျက်နှာဇာတ်လမ်းတွင် ကလေးများ စာကို ကြိုးကြိုးစားစား သင်ယူရန်နှင့် လိမ္မာရေးခြားရှိစေရန် တင်ဆက်ထားပါသည်။
သုတကဏ္ဍတွင် ကလေးများ ဗဟုသုတရစေရန် Twitter ဖန်တီးရှင် ဂျက်ဒေါ်စီ၏ အကြောင်းကို တင်ဆက်ထားပြီး ကလေး၀တ္ထုကဏ္ဍတွင် ကလေးများ စာကို ဂရုတစိုက် လေ့လာသင်ယူသင့်ပုံကို ရေးဖွဲ့တင်ဆက်ထားပါသည်။ ထို့ပြင် ကလေးများ ဗဟုသုတတိုးပွားစေရန် နို၀င်ဘာလအတွင်း မှတ်သား ဖွယ်ရာနေ့ရက်များကို ရေးဖွဲ့တင်ဆက်ထားပြီး ကလေးများ ပျော်ရွှင်စွာဖြင့် အရုပ်ကလေး များကို ဆေးရောင်ခြယ်သနိုင်မည့် ''ဆေးရောင်လှလှခြယ် ကြရအောင်ကဏ္ဍ'' ကိုလည်း ထည့်သွင်း ဖော်ပြထားပါသည်။
အင်္ဂလိပ်စာကဏ္ဍတွင် ကလေးများ ဝေါဟာရကြွယ်၀စေရန် လွယ်ကူ၍ အသုံး၀င်သော ပြုမူ ဆောင်ရွက်ပုံကြိယာအချို့ကို တင်ဆက်ထားပါသည်။ ရွှေသွေး အင်္ဂလိပ်စကားဝိုင်းကဏ္ဍတွင် "Useful Expressions" ခေါင်းစဉ်ဖြင့် အကြောင်းအရာတစ်ခုသည် နားလည်ရန်ခက်ခဲသည်၊ နားမလည်ဘူး စသည်ဖြင့် ပြောဆိုရေးသားပုံအမျိုးမျိုးနှင့် အင်္ဂလိပ်သဒ္ဒါကဏ္ဍတွင် "Too" ၏ သဒ္ဒါ စည်းမျဉ်းဆိုင်ရာ အသုံးပြုပုံအမျိုးမျိုးကို တင်ဆက်ထားရာ ကလေးများ အင်္ဂလိပ်စာ အရည်အသွေး တိုးတက်လာမည်မှာ အမှန်ပင်ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅ဝိ/-ကျပ် နှုန်းဖြင့် စာပေဗိမာန် အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-၀၁ ၃၈၁၄၄၈၊ ၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။