ပြန်ကြားရေး၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် (၁၂) နှစ် အောက် ကလေးများ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေး ဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁၈ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၄၉)၊ အမှတ် (၇) ၌ မြင့်မြတ်သော ပုဂ္ဂိုလ်တို့အား သဒ္ဓါတရား ထက်သန်စွာလှူဒါန်းပါက အကျိုးပေးထူးပုံကို မျက်နှာဖုံးဇာတ်လမ်းဖြင့် တင်ဆက်ထားပါသည်။ ဉာဏ်ပြေးသည့် ယုန်ကလေးကြောင့် အသက်ချမ်းသာရာရသွားပုံနှင့် ဆရာကို ပညာပြိုင်သော တပည့်မိုက် ဒုက္ခရောက်ရပုံတို့ကို ကလေးများ အတုယူ ဆင်ခြင်တတ်စေရန် နှစ်မျက်နှာဇာတ်လမ်းတို့ဖြင့် ဖော်ပြထားပါသည်။
မြန်မာစာစကားဝိုင်းကဏ္ဍတွင် ပြည်ထောင်စုနေ့ အခမ်းအနား၌ တိုင်းရင်းသားညီအစ်ကို မောင်နှမများ စုံစုံညီညီပါ၀င်ဆင်နွှဲကြပုံကို ဝိုင်းဖွဲ့ပြောဆိုပုံနှင့် ကလေးပုံပြင်ကဏ္ဍတွင် မိမိ၏အသိဉာဏ်ဖြင့်ယှဉ်၍ လုံ့လ ဝီရိယထား လုပ်ဆောင်ပါက ကြီးပွားအောင်မြင်နိုင်ပုံကို ဖတ်ရှုရမည် ဖြစ်ပါသည်။ ယခု တစ်ပတ်တွင် ချင်းဝိသေသတိုင်းဟု ခေါ်ဆိုခဲ့သော ချင်းပြည်နယ်အကြောင်းကို ကလေးများ ဗဟုသုတတိုးပွားစေရန် ထူးထူးခြားခြား တင်ဆက်ထားပါ သည်။
ကလေးတို့ အင်္ဂလိပ်စာအရည်အသွေးတိုးတက်စေရန် 'Expressing likes,dislikes and surprise' ခေါင်းစဉ်ဖြင့် အကြောင်းအရာတစ်ခုကို နှစ်သက်ကြောင်း၊ မနှစ်သက်ကြောင်းနှင့် အံ့အားသင့်မှု၊ အံ့သြမှုတို့ကို ဖော်ပြရာ၌ ပြောဆိုသုံးနှုန်းပုံကို ရွှေသွေးစကားဝိုင်း ကဏ္ဍတွင်လည်းကောင်း၊ 'Much' ၏ သဒ္ဒါစည်းမျဉ်းဆိုင်ရာ သုံးနှုန်းပုံအမျိုးမျိုးကို အင်္ဂလိပ်သဒ္ဒါကဏ္ဍတွင်လည်းကောင်း တင်ဆက်ထားပါသည်။ ထို့အပြင် ကလေးများ အင်္ဂလိပ်စာဝေါဟာရကြွယ်၀စေရန် မိမိတို့ပတ်၀န်းကျင်တွင် ပေါက်ရောက်ရှင်သန်နေသည့် အပင်အချို့ကို မြန်မာ-အင်္ဂလိပ်နှစ်ဘာသာ တွဲဖက်ဖော်ပြ ထားရာ ကလေးများအကြိုက်တွေ့မည်မှာ အမှန်ပင်ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅ဝိ/-ကျပ်နှုန်းဖြင့် စာပေဗိမာန် အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-၀၁ ၃၈၁၄၄၈၊ ၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။