ပြန်ကြားရေး၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်သည် အသက် (၁၂) နှစ်အောက် ကလေးများ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၁၇ ခုနှစ်၊ ဖေဖော်၀ါရီလ ၄ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၄၉)၊ အမှတ် (၅) ၌ တစ်ခါတစ်ရံတွင် တချို့သော ကိစ္စရပ်များသည် ပြောဆိုရှင်းပြနေသည်ထက် အချိန်တန်သွားသည့်အခါ အမှန်တရား အလိုအလျောက် ပေါ်ပေါက်လာတတ်ကြောင်းကို ကလေးများ သဘောပေါက်နားလည် တတ်စေရန် မျက်နှာဖုံးဇာတ်လမ်းဖြင့် တင်ဆက်ထားပါသည်။ ထို့အပြင် အရာရာတွင် သတိရှိရှိနှင့် ပါးပါးနပ်နပ် နေထိုင်တတ်စေရန်နှင့် သူတစ်ပါး မကောင်းကြံပါက မိမိတွင် ဘေးရန်ထိတတ်ပုံကို သတိပြုဆင်ခြင်နိုင်စေရန် နှစ်မျက်နှာ ဇာတ်လမ်းများဖြင့် ပုံဖော်ထားပါသည်။
မြန်မာစာစကားဝိုင်းကဏ္ဍတွင် 'တစ်' နှင့် 'တ' တို့ အသုံးကွဲပုံကို ထပ်မံတင်ဆက်ထားပြီး ပင့်ကူခါးလေး သိမ်နေရသည့် အကြောင်းအရင်းကို ပုံပြင်ကဏ္ဍတွင် ဖတ်ရှုရမည် ဖြစ်ပါသည်။ ကလေးများ သိရှိမှတ်သားနိုင်စေရန် ဖေဖော်ဝါရီလအတွင်းရှိ ထူးခြားထင်ရှားနေ့ရက်များကဏ္ဍလည်း ပါ၀င်ပြီး ကလေးများစိတ်ကြိုက် ဆေးပန်းချီ ခြယ်သနိုင်မည့် ''ဆေးရောင်လှလှ ခြယ်ကြရအောင်'' ကဏ္ဍကိုလည်း ထည့်သွင်းထားပါသည်။
ကလေးများ အင်္ဂလိပ်စာအရည်အသွေး တိုးတက်ကောင်းမွန်စေရန် ရွှေသွေးစကား၀ိုင်းကဏ္ဍတွင် ''Expressing something surprising or exciting" ခေါင်းစဉ်ဖြင့် အံ့အားသင့်မှု၊ စိတ်လှုပ်ရှားမှုတို့နှင့် ပတ်သက်သည့် ပြောဆိုသုံးနှုန်းပုံနှင့် အင်္ဂလိပ်သဒ္ဒါကဏ္ဍတွင် "More" ၏ သဒ္ဒါစည်းမျဉ်းဆိုင်ရာ သုံးနှုန်းပုံ အမျိုးမျိုးကို တင်ဆက်ထားပါသည်။ ကလေးများ အင်္ဂလိပ်စာဝေါဟာရကြွယ်၀စေရန် လူ့ခန္ဓာကိုယ်အစိတ် အပိုင်းတို့ကို အင်္ဂလိပ်အခေါ်အဝေါ်ဖြင့် တွဲဖက်တင်ဆက်ထားရာ ကလေးများ အကြိုက်တွေ့မည်မှာ အမှန်ပင် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅ဝိ/-ကျပ်နှုန်းဖြင့် စာပေဗိမာန် အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-၀၁ ၃၈၁၄၄၈၊ ၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။