ပြန်ကြားရေး၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးက အသက် (၁၂) နှစ် အောက် ကလေးများဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ၊ ၁၄ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၄၉)၊ အမှတ် (၂) ၌ ပျင်းရိစိတ်မထားဘဲ မိမိကိုယ်တိုင် ကြိုးစားအားထုတ်လုပ်ကိုင်ခြင်းဖြင့်သာ အောင်မြင်မှုအသီးအပွင့်ကို ခံစားရမည်ဖြစ်ကြောင်း ပုံဖော်ထားသည့် မျက်နှာဖုံးဇာတ်လမ်းကို ဖတ်ရှုရမည် ဖြစ်ပါသည်။ လူသားများအတွက် အကျိုးမပြုသည့် အပင်တစ်မျိုးကို ဖျက်ဆီးပစ်ကြရန် တိုက်တွန်းထား သည့် နှစ်မျက်နှာဇာတ်လမ်း၊ တိုင်းပြည်နှင့် လူမျိုးအတွက် ယောက်ျားလေးများလေးများ တတ်မြောက် ထားရမည့်ပညာကို သရုပ်ဖော်ထားသည့် နှစ်မျက်နှာဇာတ်လမ်းတို့ကိုလည်း ကလေးများ ကြိုက်နှစ်သက်မည်ဟု ယူဆပါသည်။
ကလေးများ ဗဟုသုတြွကယ်၀စေရန် ပြာသိုလပြည့်နေ့ကို ''ရှင်တစ်ထောင်အခါတော်နေ့''ဟု ခေါ်ဆိုကြပုံအကြောင်းကို သုတဆောင်းပါးကဏ္ဍ တွင် ဖော်ပြထားပါသည်။ သမိုင်းတန်ဖိုးကြီးမားသည့် ရိုးရာ အမွေအနှစ်များထိန်းသိမ်းသင့်ပုံကို ကလေး၀တ္ထုကဏ္ဍတွင် စိတ်၀င်စားဖွယ် ဖတ်ရှုနိုင်မည်ဖြစ်ပါသည်။ နိုင်ငံသားတိုင်းစောင့်ထိန်းရမည့် ပြည်သူ့နီတိ၊ လောကလူသားများ လိုက်နာအပ်သည့် လောက နီတိများနှင့် ကလေးများအတွက် အပန်းပြေစေဖွယ် ပုံဆွဲအစီအစဉ်ကိုလည်း တင်ဆက်ထားပါသည်။
ကလေးတို့အတွက် အင်္ဂလိပ်စာအရည်အသွေး တိုးတက်ကောင်းမွန်စေရန် ရွှေသွေးစကားဝိုင်းကဏ္ဍတွင် 'Making appointments' ခေါင်းစဉ်ဖြင့် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်နှင့် တွေ့ဆုံရန် ချိန်းဆိုချက် လုပ်သည့်အခါ ပြောဆိုပုံများကို သရုပ်ဖော်ပုံများနှင့်တကွ တင်ဆက်ထားပြီး ရွှေသွေး အင်္ဂလိပ်သဒ္ဒါကဏ္ဍတွင် 'Make' ၏ အသုံးအနှုန်းနှင့် သဒ္ဒါစည်းမျဉ်းဆိုင်ရာ တည်ဆောက်ပုံတို့ကို ဖော်ပြထားရာ ကလေးတို့၏အင်္ဂလိပ်စာအခြေခံများ ကောင်းမွန်လာမည်ဖြစ်ပါသည်။
(၁၄-၁-၂၀၁၇) စနေနေ့တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ်ကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော် (သပြေကုန်းဈေး) ရှိ စာပေဗိမာန်စာအုပ်အရောင်းဆိုင်တို့နှင့် အမြို့မြို့အနယ်နယ်ရှိ စာအုပ်ဆိုင်များ တွင် ၀ယ်ယူရရှိနိုင်ပါသည်။ မူရင်းဈေးနှုန်းမှာ ၂၅ဝိ/-ဖြစ်ပါသည်။