ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ် အောက်ကလေးများ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေ လျက်ရှိရာ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၁၀ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၁) အမှတ် (၃၂)၌ စာဖတ်ခြင်း၏ အကျိုးကျေးဇူးကြောင့် ရွာ၏ကျေးဇူးရှင်အချစ်တော် စာပေပညာရှိအဖြစ် အသိအမှတ်ပြုခြင်းခံရသော မောင်တာတူးအကြောင်းကို သရုပ်ဖော်ထားသော “တာတူး” မျက်နှာဖုံး ဇာတ်လမ်း၊ မုန့်စားပစ်သူမှာ ကြွက်မဟုတ်ဘဲ တော်ကီဖြစ်နေပုံအကြောင်းကို သရုပ်ဖော်ထားသည့် “မုန့်သူခိုး” နှစ်မျက်နှာဟာသဇာတ်လမ်း၊ ဖိုးချွန်း၏ ကျေးဇူးရှင်အပေါ်ပြစ်မှားမိရာက ကြိမ်ဒဏ်ပေးခံရပုံ အကြာင်းကို သရုပ်ဖော်ထားသော “ကျေးဇူး” နှစ်မျက်နှာဇာတ်လမ်းနှင့် “ကျောက်ခေတ်ကမ္ဘာ” တစ်မျက်နှာဟာသဇာတ်လမ်းတို့ကို တင်ဆက်ထားပါသည်။
သုတကဏ္ဍအနေဖြင့် တစ်ကိုယ်ရေသန့်ရှင်းရေးအကြောင်းကို ဖတ်ရှုရမည် ဖြစ်ပါသည်။ ၀တ္ထုကဏ္ဍတွင် ကလေးတို့အနေဖြင့် ကောင်းမွန်သော အလေ့အကျင့်ကောင်းများကို ငယ်ရွယ်စဉ်အချိန် ကတည်းက တက်နိုင်သမျှ လိုက်နာဆောင်ရွက်သင့်ပုံအကြောင်းကို တင်ဆက်ထားပါသည်။ ထို့ပြင် ကလေးတို့ကို အသိအလိမ္မာတိုးစေမည့် ပြည်သူ့နီတိ/ လောကနီတိကဏ္ဍနှင့် ကလေးတို့ကိုယ်တိုင် ရေးဆွဲနိုင်မည့် “ဘာပုံလေးဖြစ်မလဲ” ကဏ္ဍတို့ကိုလည်း တင်ဆက်ထားပါသည်။
ရွှေသွေးဝေါဟာရကဏ္ဍတွင် ပြုမူဆောင်ရွက်ပုံကြိယာငါးမျိုးအကြာင်းကို လေ့လာ မှတ်သားနိုင်မည် ဖြစ်ပါသည်။ အင်္ဂလိပ်စကားပြောစွမ်းရည် တိုးတက်စေရန် ရည်ရွယ်သည့် ရွှေသွေးစကားဝိုင်း ကဏ္ဍတွင် ‘conversation questions and answers’ ခေါင်းစဉ်ဖြင့် အကြိုက်နှစ်သက်ဆုံး အ၀တ်အထည် အမျိုးအစားနှင့်ပတ်သက်၍ အပြန်အ¬လှန်ပြောဆိုသုံးနှုန်းပုံအချို့ကို တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာ အခြေခံအတွက် အရေးပါပြီး အဓိကကျသည့် ရွှေသွေးအင်္ဂလိပ်သဒ္ဒါကဏ္ဍတွင် အဖြေ ဝါကျ (statement) ကို မေးခွန်းဝါကျ (question) နှင့် အငြင်းဝါကျ (negative) ပြောင်းခြင်းနှင့် ပတ်သက်၍ လေ့ကျင့်ခန်းသစ်များကို လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁- ၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။