ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ် အောက် ကလေးများ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၃ ရက် စနေနေ့တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၁)၊ အမှတ် (၃၁) ၌ ကလေးစာပေပွဲတော်အကြောင်းကို ဗဟုသုတရဖွယ် တင်ဆက်ထားသည့် လေးမျက်နှာ မျက်နှာဖုံးဇာတ်လမ်း၊ အလွန်မေ့လျော့တတ်သော ကိုစိန်သန်းအကြောင်းကို ရေးဖွဲ့ထား သည့် နှစ်မျက်နှာဟာသဇာတ်လမ်း၊ ပုပုတို့ သူငယ်ချင်းတစ်စု၏ ကြင်နာသနားတတ်ပုံကို ပုံဖော်ရေးဖွဲ့ထားသော နှစ်မျက်နှာဇာတ်လမ်းနှင့် ကာတွန်းချစ်မင်းလူ၏ ‘တုံတုံ’ တစ်မျက်နှာဟာသဇာတ်လမ်းတို့ ပါဝင်ပါသည်။
ယခုတစ်ပတ်တွင် အထူးကဏ္ဍအနေဖြင့် ‘တို့ရွာထဲက အိုးစည်ဝိုင်း’ ကဗျာကို စန္ဒရားဖြင့် တီးခတ်နိုင်ရန် သံစဉ်များဖြင့် တင်ဆက်ထားပါသည်။ ပုံပြင်ကဏ္ဍတွင် ဗုဒ္ဓ၏တရားတော်များကို နာကြားရ၍ တိရစ္ဆာန်ဘဝမှ လူ့ဘဝကို ရရှိသွားသော သမင်လေးအကြောင်းကို ရေးဖွဲ့ထားပါသည်။ ထို့ပြင် ဩဂုတ်လအတွင်း ထူးခြားထင်ရှား နေ့ရက်များအကြောင်းကို ဗဟုသုတရဖွယ် တင်ဆက်ထားပြီး ကလေးများ ပျော်ရွှင်စွာဖြင့် အရောင်လေးများကို ခြယ်သနိုင်မည့် ‘ဆေးရောင်လှလှခြယ်ကြရအောင် ကဏ္ဍ’ ကိုလည်း ထည့်သွင်းဖော်ပြထားပါသည်။
အင်္ဂလိပ်စာကဏ္ဍ၌ ဖတ်မှတ်လေ့လာဝေါဟာရကမ္ဘာကဏ္ဍတွင် ကိရိယာအချို့၏ အမည်များကို မြန်မာ-အင်္ဂလိပ်နှစ်ဘာသာဖြင့် တင်ဆက်ထားပါသည်။ ရွှေသွေးစကားဝိုင်းကဏ္ဍတွင် မိမိ၏ မွေးရပ် ဇာတိမြေနှင့် ပတ်သက်၍ ပြောဆိုသုံးနှုန်းပုံအချို့ကို ‘Conversation questions and answers’ ခေါင်းစဉ်ဖြင့် တင်ဆက်ထားပြီး ကလေးတို့၏ အင်္ဂလိပ်စာစွမ်းရည်ကို တိုးတက်စေရန် အခြေခံကျသည့် အင်္ဂလိပ်သဒ္ဒါကဏ္ဍတွင် ‘passive voice’ နှင့် ပတ်သက်၍ ပြန်လှန်လေ့ကျင့်ခန်းများ ပေးထားရာ ဂရုတစိုက် လေ့လာမှတ်သားထားမည်ဆိုပါက ကလေးတို့၏ အင်္ဂလိပ်စာအရည်အသွေး တိုးတက်လာ မည်မှာ အမှန်ပင်ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း ၀၁-၃၈၁၄၄၈၊
၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။