ပြန်ကြားရေး၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် ၁၂ နှစ်အောက် ကလေးများဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို ၁၉၆၉ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်မှ စတင်ထုတေ်၀ဖြန့်ချိခဲ့ရာ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်တွင် နှစ် (၅၀) ပြည့်ပြီ ဖြစ်၍ ရွှေသွေးဂျာနယ် ရွှေရတုအထူးထုတ်ကို ထုတ်ဝေဖြန့်ချိလိုက်ပါသည်။
ရွှေသွေးဂျာနယ် ရွှေရတုအထူးထုတ် (၁၉၆၉-၂၀၁၉) တွင် ကဗျာ၊ ပုံပြင်၊ ၀တ္ထု၊ သုတဆောင်းပါး၊ ဉာဏ်စမ်းကဏ္ဍများနှင့် ကာတွန်းဇာတ်လမ်းတို့ ပါ၀င်ပြီး သုတရသစုံလင်စွာ တင်ဆက်ထားပါ သည်။ ကဗျာနှစ်သက်သူ ကလေးသူငယ်များအတွက် အကြောင်းအရာမျိုးစုံကို သီကုံးဖွဲ့နွဲ့ထား သည့် ကဗျာ (၁၂) ပုဒ် ထည့်သွင်းဖော်ပြထားပါသည်။ ထို့ပြင် ကလေးများအတွက် သုတရသများ ကို ဖော်ကျူး ပေးထားသည့် ပုံပြင် (၄) ပုဒ်၊ ကလေး၀တ္ထုဇာတ်လမ်းတို (၄)ပုဒ်၊ သုတဆောင်းပါး (၂) ပုဒ်တို့နှင့် ကလေးများ၏ စိတ်ကူးဉာဏ်ကို ကွန့်မြူးစေမည့် ဉာဏ်စမ်းကဏ္ဍတို့လည်း ပါ၀င်ပါသည်။
ကာတွန်းကဏ္ဍတွင် ကာတွန်းဆရာကြီးများဖြစ်ကြသော ရွှေမင်းသား၊ ကာတွန်းမြေဇာ၊ ကာတွန်းသန့်စင်၊ သစ်ထွဏ်း၊ တင်အောင်နီ၊ ကာတွန်းမောင်ရွှေ၀င်း၊ ကိုရွှေထူး (ပြည်)၊ သီဟ (စခန်းသစ်)၊ ကာတွန်းမောင်မောင်လေး၊ သူရ၊ ကာတွန်းစိုးစံ၊ အောင်အောင်ထွေး၊ ကာတွန်းရွှေရိုး၊ ၀င်းဖေ (အဖျောက်)၊ ကာတွန်းမင်းကောင်းကို၊ ကာတွန်းပြုံးချို၊ ကာတွန်းမောင်ဗချီ၊ ကာတွန်းထွဏ်းဦး (စစ်ကိုင်း)၊ မင်းဦး (ဒဿန)၊ ကာတွန်းအောင်ဇင်၊ မောင်တင်ယု၊ ကာတွန်း ဒစ်ဂျစ်တယ်၊ ကာတွန်း သိက္ခာ၊ အီကွေတာ၊ စိုးဇော်၊ ကာတွန်းကျော်ထွဏ်း၊ MGU၊ ကျော်တင်မြင့်သစ်၊ သက်စု၊ ထွန်းထွန်း၀င်း (ရန်ကုန်တက္ကသိုလ်) နှင့် ဆန်းလင်းတို့၏ လက်ရာများကို စုံလင်စွာ ဖတ်ရှုခံစား နိုင်မည်ဖြစ်ပါသည်။
ထိုကဲ့သို့ နာမည်ကျော် ကာတွန်းလက်ရာကျော်ဆရာများ၏ လက်ရာကောင်း လက်ရာမွန်များကို တစ်စုတစ်စည်းတည်း ဖတ်ရှုနိုင်မည်ဖြစ်သည့်အပြင် အခြားစိတ်၀င်စားဖွယ်၀တ္ထု၊ ပုံပြင်၊ ကဗျာများကိုလည်း ဖတ်ရှုနိုင်မည့် ရွှေသွေးဂျာနယ် ရွှေရတုအထူးထုတ် (၁၉၆၉-၂၀၁၉) စာအုပ်ကို တန်ဖိုး ၂၅၀ဝိ/-ဖြင့် နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့တို့ရှိ စာပေဗိမာန် အရောင်းဆိုင်များတွင် ၀ယ်ယူရရှိနိုင်ပါသည်။ လက်ကားမှာယူလိုပါက စာပေဗိမာန်အရောင်းဌာန၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။