ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ် အောက်ကလေးများ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၂)၊ အမှတ် (၇) ၌ တိရစ္ဆာန်ပင်ဖြစ်သော်လည်း သရဏဂုံစိတ်တည်ပြီး သေဆုံးခြင်းကြောင့် နတ်ပြည်တွင် နတ်သားဖြစ်သွားပုံအကြောင်းကို ရေးဖွဲ့ထားသည့် “သရဏဂုံ” မျက်နှာဖုံးကာတွန်း၊ နီကြောင်၏ လူစွန့်စားတစ်ယောက်ဖြစ်ချင်ပုံအကြောင်းကို ဟာသဖြစ်ဖွယ် ရေးဖွဲ့ထားသည့် “ညီပု” နှစ်မျက်နှာ ကာတွန်း၊ ယောက်ျားဟူသည် မိမိပေးထားသော ကတိအတိုင်း မလိမ်မညာဘဲ တည်အောင် ဆောင်ရွက် နိုင်ရမည်ဖြစ်ကြောင်းကို ရေးဖွဲ့ထားသည့် “သော်သော်” တစ်မျက်နှာကာတွန်း၊ ပုပုတို့ သူငယ်ချင်းတစ်စု၏ သူတစ်ပါးအခက်အခဲဖြစ်နေချိန်တွင် ကူညီတတ်ပုံအကြောင်းကို ပညာပေးရေးဖွဲ့ထားသည့် “ပုပုပါဝင်သည့် လေးစားပါသည်” နှစ်မျက်နှာကာတွန်းနှင့် အမိနိုင်ငံတော်ကြီး၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ပါဝင်ကူညီပေးနိုင်ရေးအတွက် စာသင်ချိန်အရွယ်တွင် စာကို ကြိုးစားသင်ယူရမည်ဖြစ်ကြောင်း ရေးဖွဲ့ထားသည့် “ဖူးငယ်- အိပ်မက်နှင့် လက်တွေ့” တစ်မျက်နှာကာတွန်းတို့ကို တင်ဆက်ထားပါသည်။
သုတကဏ္ဍတွင် ကလေးတို့အနေဖြင့် လူတို့၏ အာရုံခံစားနိုင်မှုအကြောင်းအရာများကို ဗဟုသုတဖြစ်ဖွယ် ဖတ်ရှုနိုင်မည် ဖြစ်ပါသည်။ ပုံပြင်ကဏ္ဍတွင် စိတ်ကောင်းစေတနာကောင်း ထားကာ အလုပ်လုပ်ရာမှ သူတော်ကောင်း၏ ကူညီစောင့်ရှောက်ခြင်း ခံရပုံအကြောင်းကို တင်ဆက်ထားပါသည်။ ထို့ပြင် ဇယားကွက်ထဲတွင် အင်္ဂလိပ်စကားလုံး (၁၀) လုံးကို ကလေးတို့ လျင်လျင်မြန်မြန်ရှာဖွေနိုင်မည့် ဉာဏ်စမ်းကဏ္ဍနှင့် သားသားမီးမီးတို့အတွက် လေ့လာချင်စဖွယ် မြန်မာ့စောင်းနှင့် ကမ္ဘာ့ဂီတာတို့၏ သံစဉ်ကဗျာအကြောင်းကိုလည်းတင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် အင်္ဂလိပ်စာဝါကျအတွင်း to-infinitive phraseကို ဖြည့်စွက်ပုဒ်အဖြစ် အသုံးပြုပုံနှင့်ပတ်သက်၍ ဝါကျတည်ဆောက်ပုံအချို့ကို ကလေးတို့ လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁- ၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။