ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ် အောက် ကလေးများ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၅ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၂)၊ အမှတ် (၄) ၌ လူကုန်ကူးမှုမဖြစ်ပွားစေရန် ဝိုင်းဝန်းတားဆီးကာကွယ်ရမည်ဖြစ်ကြောင်းကို သရုပ်ဖော်ထားသည့် “အလန်ကွာတာဖူးလ်နှင့် လူကုန်ကူး” မျက်နှာဖုံးကာတွန်း၊ ရောဂါမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ခြင်းသည် ရောဂါဖြစ်မှ ကုသခြင်းထက် ပို၍ထိရောက်ကြောင်းကို ပညာပေးရေးဖွဲ့ထားသည့် “ကြိုတင်ကာကွယ်ပါ” နှစ်မျက်နှာကာတွန်း၊ သူတစ်ပါးအပေါ်၌ စိတ်ကောင်းစေတနာကောင်း ထားရှိပါက မိမိတွင်လည်း ကောင်းကျိုးချမ်းသာ ခံစားရနိုင်ပုံအကြောင်းကို တင်ဆက်ထားသည့် “သဒ္ဓါစိတ်ထား” နှစ်မျက်နှာကာတွန်း၊ အိဖောင်း၏ ဖရဲသီးတစ်ဝက် ရွေးချယ်လိုက်ပုံအကြောင်းကို ဟာသဖြစ်ဖွယ် ရေးဖွဲ့ထားသည့် “အိဖောင်း” တစ်မျက်နှာကာတွန်းနှင့် သူတစ်ပါး၏ စိတ်ကောင်းစေတနာဖြင့် ပြောကြားသော စကားကို မနာခံ၍ ဒုက္ခရောက်တော့မည့် ကြက်တူရွေးအကြောင်းကို ရေးဖွဲ့ထားသည့် “မာနဆိုတာ” တစ်မျက်နှာကာတွန်းတို့ကို တင်ဆက်ထားပါသည်။
သုတကဏ္ဍအနေဖြင့် ဝက်ဝံတို့၏ ဆောင်းခိုခြင်းအကြောင်းနှင့် ၎င်းတို့၏ နေထိုင်ကျက်စားမှုအကြောင်းကို ကလေးတို့အတွက် ဗဟုသုတဖြစ်ဖွယ် တင်ဆက်ထားပါသည်။ ဝတ္ထုကဏ္ဍတွင် မိမိအိမ်ဝန်းအတွင်းတွင် ဟင်းသီးဟင်းရွက်ပင်များ စိုက်ပျိုးထားခြင်းဖြင့် လတ်ဆတ်သော အသီးအနှံများကို အလွယ်တကူ စားသုံးနိုင်ရုံသာမက အိမ်အသုံးစရိတ်ကိုပါ သက်သာရာရစေပုံအကြောင်းကို ရေးဖွဲ့ထားပါသည်။ ထို့ပြင် ပေးထားသော ရုပ်ပုံများထဲတွင် အရပ်အမြင့်ဆုံး သစ်ကုလားအုတ်ကို ကလေးတို့တွက်ချက်ရှာဖွေ နိုင်မည့် “ပဟေဠိကဏ္ဍ” နှင့် ကျေးလက်ဒေသ၏ နံနက်ခင်းအလှကို သရုပ်ဖော်ပုံများဖြင့် ဝေဝေဆာဆာ သရုပ်ဖော်ထား သည့် “ကျေးလက်နံနက်ခင်း” ကဗျာတို့ကို တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် အိမ်တွင်း ကစားနည်း ကစားခြင်းနှင့် ပတ်သက်၍ အပြန်အလှန်ပြောဆိုပုံ အင်္ဂလိပ်စာဝါကျအချို့ကို ကလေးတို့ လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁- ၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။