ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ် အောက် ကလေးများ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁၈ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၂)၊ အမှတ် (၃) ၌ ဝက်တို့၏ ခြင်္သေ့မင်းနှင့် တိုက်ခိုက်မှု မဖြစ်ပွားစေရန် ဉာဏ်ဆင်ရပုံ အကြောင်းကို ရေးဖွဲ့ထားသည့် “မတူရင် မတုနဲ့” မျက်နှာဖုံးကာတွန်း၊ ဖိုးသန့်၏ အသန့်အပြန့် ကြိုက်ပုံအကြောင်းကို သရုပ်ဖော်ထားသည့် “ဖိုးသန့်လေး” နှစ်မျက်နှာဟာသကာတွန်း၊ အမှိုက်များကို အမှိုက်ပုံးထဲသို့ စနစ်တကျ ပစ်ကြရမည့်အကြောင်းကို ရေးဖွဲ့ထားသည့် “ဖိုးထူးရဲ့ တော်ပါသေးရဲ့” တစ်မျက်နှာကာတွန်း၊ မိုးပျံပူဖောင်းကို စိတ်ဝင်စားမိသည့် စိန်မျောက်မျောက်အကြောင်းကို ရေးဖွဲ့ထားသည့် “စိန်မျောက်မျောက်-ကိုယ့်အတတ်နဲ့ကိုယ်” နှစ်မျက်နှာကာတွန်းနှင့် ကလေးတို့ အနေဖြင့် ကျိန်ဆိုဆဲရေးခြင်းကို မပြောဆိုမိစေရန် သတိထားဆင်ခြင်ရမည်ဖြစ်ကြောင်း ရေးဖွဲ့ထားသည့် “ဖိုးရှုပ်” တစ်မျက်နှာကာတွန်းတို့ကို တင်ဆက်ထားပါသည်။
သုတကဏ္ဍတွင် ဝံပုလွေတို့၏ နေထိုင်ကျက်စားမှုနှင့် ၎င်းတို့၏ အူသံအကြောင်းကို ကလေးတို့အတွက် ဗဟုသုတဖြစ်ဖွယ် တင်ဆက်ထားပါသည်။ ပုံပြင်ကဏ္ဍအနေဖြင့် ညစ်ညမ်းသော စိတ်ဖြစ်ပေါ်လာပါက ကမ္ဘာကြီးကိုပင် ပျက်စီးသွားအောင် ပြုလုပ်နိုင်ပုံအကြောင်းကို ဖတ်ရှုရမည် ဖြစ်ပါသည်။ ထို့ပြင် ပုံတွင်ပြထားသည့်အတိုင်း အစက်ကလေးများကို အစဉ်လိုက်ဆက်ကာ မျိုးတုံး ပျောက်ကွယ်သွားပြီ ဖြစ်သည့် သတ္တဝါကို ပုံဖော်နိုင်မည့် “ရွှေသွေးတို့ပျော်စရာ” ကဏ္ဍနှင့် ကလေးတို့အတွက် ဖတ်ချင်စဖွယ် ရွှေသွေးဂျာနယ်အကြောင်းကို သရုပ်ဖော်ပုံများဖြင့် ဝေဝေဆာဆာ တင်ဆက်ထားသည့် “စာဖတ်ကြစို့” ကဗျာတို့ကိုပါ တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် အင်္ဂလိပ်စာဝါကျများအတွင်း infinitive အသုံးနှင့်ပတ်သက်၍ ဝါကျတည်ဆောက်ပုံအချို့ကို ကလေးတို့ လေ့လာ မှတ်သားနိုင်စေရန် တင်ဆက်ထားပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း ၀၁- ၈၃၈၁၄၄၈၊ ၀၁-၈၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။