ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက် ကလေးများ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေ လျက်ရှိရာ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၂)၊ အမှတ် (၂) ၌ ချမ်းသာကြွယ်ဝသော်လည်း အလွန်နှမြောတွန့်တိုသူ သူဌေးကြီး၏ လောဘမသတ်နိုင်၍ မိမိပစ္စည်းဉစ္စာပါ ဆုံးရှုံးရပုံအကြောင်းကို ရေးဖွဲ့ထားသည့် ‘ကတိသစ္စာ’ မျက်နှာဖုံးကာတွန်း၊ ကလေးများ လူကုန်ကူးမှုနှင့် ပတ်သက်၍ သတိပြုဆင်ခြင်နိုင်စေရန် တင်ဆက်ထားသည့် “ဆူးကလေး-ကိုယ်ချင်း စာကြည့်ပါ” နှစ်မျက်နှာကာတွန်း၊ မိမိကိုယ်ကို အထင်ကြီးကာ မိမိလက်လှမ်းမမီနိုင်သောအရာကို ရယူချင်သော စိတ်ဆန္ဒကြောင့် ဒုက္ခရောက်ရပုံအကြောင်းကိုရေးဖွဲ့ထားသည့် “ကျောက်ခေတ်ကမ္ဘာ” တစ်မျက်နှာကာတွန်း၊ စိတ်ကောင်းထားရှိပါက မိမိကို အများက ချစ်ခင်နှစ်သက်၍ ကောင်းကျိုးချမ်းသာ များ ရရှိတတ်ပုံနှင့် စိတ်ထားယုတ်ညံ့ပါက မကောင်းကျိုးများသာ ခံစားရတတ်ရပုံအကြောင်းကို ရေးဖွဲ့ ထားသည့် “မေမေပြောသော ပုံပြင်များ” နှစ်မျက်နှာကာတွန်း၊ သတ္တဝါများကို သနားငဲ့ညှာကာ ဘေးမဲ့လွှတ်ပေးသင့်ပုံအကြောင်းကို ရေးဖွဲ့ထားသည့် “တူးပေပါဝင်သော ဘေးမဲ့လွှတ်ပွဲ” တစ်မျက်နှာ ကာတွန်းတို့ကို တင်ဆက်ထားပါသည်။
သုတကဏ္ဍတွင် ပင်လယ်ဖျံတို့၏ ထူးခြားချက်များအကြောင်းကို ကလေးတို့ ဗဟုသုတဖြစ်ဖွယ် ဖတ်ရှုရမည် ဖြစ်ပါသည်။ ဝတ္ထုကဏ္ဍတွင် ကျောင်းသားကျောင်းသူများအနေဖြင့် မိမိ၏ ကိုယ်ပိုင်ပင်ကို အရည်အချင်းဖြင့်သာ ရိုးသားစွာကြိုးစားယှဉ်ပြိုင်သင့်ပုံအကြောင်းကို ရေးသား တင်ဆက်ထားပါသည်။ ထို့ပြင် ကလေးတို့အတွက် ရွှေသွေးတို့ ပျော်စရာ ပဟေဠိကဏ္ဍနှင့် သရုပ်ဖော်ပုံများဖြင့် ဝေဝေဆာဆာတင်ဆက်ထားပြီး စန္ဒရားဖြင့် တီးခတ်နိုင်မည့် ကဗျာကဏ္ဍတို့ကိုပါ တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် အလှပြင် ပစ္စည်းများ ဝယ်ယူအသုံးပြုပုံနှင့် ပတ်သက်၍ ပြောဆိုသုံးနှုန်းပုံ အင်္ဂလိပ်စာဝါကျအချို့ကို ကလေးတို့ လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁- ၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။