ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ် အောက် ကလေးများ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေ လျက်ရှိရာ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၄ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၂)၊ အမှတ် (၁) ၌ (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ကို အလေးအမြတ်ထား ဂုဏ်ပြုမည်ဖြစ်ကြောင်းကို ရေးဖွဲ့ထားသည့် “လွတ်လပ်ရေး၏အဓိပ္ပာယ်” မျက်နှာဖုံးကာတွန်း၊ ခန္ဓာကိုယ်ကျန်းမာရေး ကောင်းမွန်ရန်အတွက် သန့်ရှင်းသောအစာကို သန့်ရှင်းသောလက်တို့ဖြင့် စားသုံးသင့်ကြောင်းကို ရေးဖွဲ့ထားသည့် “ပုပုပါဝင်သည့် တစ်ခုကျန်သေးတယ်” နှစ်မျက်နှာကာတွန်း၊ လွတ်လပ်ရေးနေ့ ပျော်ပွဲရွှင်ပွဲအတွက် တေးသရုပ်ဖော်အက လေ့ကျင့်ပုံအကြောင်းကို ရေးဖွဲ့ထားသည့် “ကတုံးသုံးဖော်” သုံးမျက်နှာကာတွန်းနှင့် လူငယ်များ၏ အပြေးမြန်ဆန်မှုကြောင့် သူခိုးအား အမိဖမ်းနိုင်ခဲ့ပုံအကြောင်းကို သရုပ်ဖော်ထားသည့် “အပြေးဉီးတော့” တစ်မျက်နှာကာတွန်းတို့ကို တင်ဆက်ထားပါသည်။
သုတကဏ္ဍတွင် နံစော်ဖျံ၏ မိမိကိုယ်မိမိအန္တရာယ်မှ ခုခံကာကွယ်နိုင်ပုံအကြောင်းကို ဗဟုသုတဖြစ်ဖွယ် ဖတ်ရှုရမည်ဖြစ်ပါသည်။ ပုံပြင်ကဏ္ဍတွင် ယုန်ကလေး၏ အကြံပိုင်နိုင်မှုကြောင့် မြင်းငယ်ကလေးအသက်ဘေးမှ လွတ်မြောက်သွားပုံအကြောင်းကို ရေးသားတင်ဆက်ထားပါသည်။ ထို့ပြင် ပေးထားသော ရုပ်ပုံတွင် အင်္ဂလိပ်စာ စကားလုံးငါးလုံးကို ကလေးတို့ လျင်လျင်မြန်မြန် ရှာဖွေနိုင်မည့် “ရွှေသွေးတို့ပျော်စရာ” ပဟေဠိကဏ္ဍနှင့် သရုပ်ဖော်ပုံများဖြင့် ဝေဝေဆာဆာ တင်ဆက်ထားသည့် “လွတ်လပ်ရေးကို ထိန်းသိမ်းစို့” ကဗျာတို့ကိုလည်း တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် အင်္ဂလိပ်စာဝါကျအတွင်း infinitive အသုံးနှင့် ပတ်သက်၍ ဝါကျတည်ဆောက်ပုံအချို့ကို ကလေးတို့ လေ့လာနိုင်မည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁- ၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။