ပြန်ကြားရေး၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ် အောက်ကလေးများ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၁၉ ခုနှစ်၊ မတ်လ ၂ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၁)၊ အမှတ် (၉) ၌ ဖိုးကြွက်သည် တိရစ္ဆာန်ပင်ဖြစ်သော်လည်း မိမိသခင်အပေါ်တွင် ကျေးဇူးသိတတ်ပုံကို တင်ဆက်ထားသည့် လေးမျက်နှာဇာတ်လမ်း၊ ဉာဏ်ကောင်းလှသော ဖူးငယ်နှစ်မျက်နှာဇာတ်လမ်း၊ ပုပုပါ၀င်သည့် ရန်လုံနှစ်မျက်နှာ ဇာတ်လမ်းနှင့် ရွှေချည်ဇာနှင့် မွေးနေ့ကိတ် တစ်မျက်နှာဟာသ ဇာတ်လမ်းတို့ ပါ၀င်ပါသည်။
ယခုအပတ်တွင် အထူးကဏ္ဍအနေဖြင့် '၀လုံးနဲ့ နတ်သမီး' ကဗျာကို သံစဉ်လေးများဖြင့် ဖော်ပြပေးထားပြီး ပုံပြင်ကဏ္ဍတွင် မိမိထက်အသက်ကြီးသူများ ၏ ဆုံးမစကားကို နာယူမှတ်သား သင့်ပုံကို တင်ဆက်ထားပါသည်။ ကလေးများ ဗဟုသုတတိုးပွားစေရန် မတ်လအတွင်း ထူးခြား ထင်ရှားနေ့ရက်များ အကြောင်းကို တင်ဆက်ထားပါသည်။ ထို့ပြင် ကလေးများပျော်ရွှင်စွာ အရောင်လေးများကို ခြယ်သနိုင်စေမည့် ဆေးရောင်လှလှ ခြယ်ရအောင်ကဏ္ဍကို ထည့်သွင်း ဖော်ပြထားပါသည်။
ကလေးများ အင်္ဂလိပ်စာအရည်အသွေးတိုးတက်စေရန် ဖတ်မှတ်လေ့လာဝေါဟာရကမ္ဘာကဏ္ဍတွင် သမင်အချို့၏ အဖိုအမအမည်များကို မြန်မာ-အင်္ဂလိပ် နှစ်ဘာသာဖြင့် ဖော်ပြပေးထားပါသည်။ ရွှေသွေး စကားဝိုင်းကဏ္ဍတွင် 'Conversation questions and answers' ခေါင်းစဉ်ဖြင့် ဈေး၀ယ်ထွက်သည့်အခါ ပြောဆိုကြသည့် ပြောဆိုသုံးနှုန်းပုံအချို့ကို တင်ဆက်ထားပြီး ကလေးများ အင်္ဂလိပ်စာကို လေ့လာရာ၌ အခြေခံလိုအပ်ချက်ဖြစ်သည့် ရွှေသွေးအင်္ဂလိပ် သဒ္ဒါကဏ္ဍတွင် အကူကြိယာဖြစ်သော 'modal verb' အချို့၏ အသုံးပြုပုံတို့ကို တင်ဆက်ထားရာ ကလေးများ အင်္ဂလိပ်စာအရည်အသွေး တိုးတက်လာမည်မှာ အမှန်ပင် ဖြစ်ပါသည်။