ပြန်ကြားရေး၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက်ကလေးများ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၁၉ခုနှစ်၊ဖေဖော်ဝါရီလ ၁၆ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၁)၊ အမှတ် (၇) ၌ ကျေးရွာဓလေ့ ထမနဲထိုးပွဲအကြောင်းကို ကလေးများ ဗဟုသုတရရှိစေရန် တင်ပြထားသည့် မျက်နှာဖုံး ဇာတ်လမ်း၊ ကလေးများ စွန်လွှတ်ရာ၌ အန္တရာယ်ကင်းကင်းဖြင့် ကစားနိုင်ရန် ဆင်ခြင်ရမည့် အကြောင်းအရာကို တင်ဆက်ထားသည့် နှစ်မျက်နှာဇာတ်လမ်း၊ အသီးအရွက်များကို သဘာ၀အတိုင်း စိုက်ပျိုးစားသုံးပါက အန္တရာယ်ကင်း ကြောင်းကို တင်ဆက်ထားသည့် နှစ်မျက်နှာဇာတ်လမ်းနှင့် ''ပူးပုံ၏ လက်တည့်သူ'' တစ်မျက်နှာ ဟာသဇာတ်လမ်းတို့ ပါ၀င်ပါသည်။
မြန်မာစာစကားဝိုင်းကဏ္ဍတွင် ''ပါဠိဆိုရိုးများ'' ခေါင်းစဉ်ဖြင့် ဘကြီးဉာဏ်နှင့် မြေးတစ်စုတို့ ဝိုင်းဖွဲ့ ပြောဆိုပုံကို တင်ဆက်ထားပြီး ပုံပြင်ကဏ္ဍတွင် လူကြီးမိဘများ၏ ဆုံးမစကားကို နာခံသင့်ပုံအကြောင်းကို တင်ဆက်ထားပါသည်။ ထို့ပြင် ကလေးများ အသိပညာဗဟုသုတတိုးပွားစေရန် ပုသိမ်မြို့ အကြောင်းကိုလည်း တင်ဆက်ထားပါသည်။
ကလေးများ အင်္ဂလိပ်စာအရည်အသွေး တိုးပွားစေရန် ရည်ရွယ်၍ ဖတ်မှတ်လေ့လာ ဝေါဟာရကမ္ဘာ ကဏ္ဍတွင် မျောက်အချို့၏ အဖိုအမအမည်များကို မြန်မာ-အင်္ဂလိပ် နှစ်ဘာသာဖြင့် တင်ဆက် ထားပါသည်။ ရွှေသွေးစကားဝိုင်းကဏ္ဍတွင် လူတိုင်းအတွက် မိမိဝါသနာပါရာ အကြောင်းအရာများကို ပြောဆိုရာ၌ အသုံးပြုပုံစကားအသုံးအနှုန်းအချို့ကို 'Conversation Questions and Answers' ခေါင်းစဉ်ဖြင့် တင်ဆက်ထားပြီး ကလေးတို့၏ အင်္ဂလိပ်စာ အခြေခံကို မြှင့်တင်ပေးမည့် ရွှေသွေးအင်္ဂလိပ်သဒ္ဒါကဏ္ဍတွင် 'Modal Verb' အချို့၏ အသုံးပြုပုံများကို ဥပမာဝါကျများဖြင့် တင်ဆက်ထားရာ ကလေးများ အင်္ဂလိပ်စာ အရည်အသွေး တိုးတက်လာမည်မှာ အမှန်ပင် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း ၀၁- ၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။