ပြန်ကြားရေး၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ် အောက်ကလေးများ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၁)၊ အမှတ် (၆) ၌ တစ်ဦးတည်း ဆောင်ရွက်ခြင်းထက် အများနှင့်အတူ ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်ခြင်းက ပိုကောင်းသော ရလဒ်ကို ဖြစ်ပေါ်စေကြောင်း သရုပ်ဖော်ထားသော ''စုပေါင်းညီညာအောင်ကြောင်းဖြာ'' မျက်နှာဖုံးဇာတ်လမ်း၊ ကလေးတို့ အနေနှင့် ဆောင်ရွက်စရာများရှိပါက လူကြီးမိဘများကို အသိပေးပြီးမှ ဆောင်ရွက်ခြင်းသည် အမှားကင်းပြီး ကောင်းသော အလေ့အကျင့်ဖြစ်ကြောင်း သရုပ်ဖော်ထားသော ''ရိုးသားသော သူငယ်ချင်း'' နှစ်မျက်နှာဇာတ်လမ်း၊ စုပေါင်းအင်အားဖြင့် ရန်သူကို ကာကွယ်နိုင်ပုံကို သရုပ်ဖော်ထားသော ''ဒါဒါလေး၏ညီစေနော်'' နှစ်မျက်နှာ ဇာတ်လမ်း၊ ခင်ခင်ပြူး၏နွေရာသီကြိုက်ပုံကို သရုပ်ဖော်ထားသော ''ခင်ခင်ပြူးနှင့် အပေါင်းအသင်းများ'' တစ်မျက်နှာဇာတ်လမ်းတို့ကို တင်ဆက်ထားပါသည်။
ဆောင်းပါးကဏ္ဍတွင် မျက်စိကျန်းမာရေးနှင့်ပတ်သက်၍ လေ့လာမှတ်သားဖွယ်ရာများအကြောင်း တင်ဆက်ထားပါသည်။ ပုံပြင်ကဏ္ဍတွင် သူငယ်ချင်းအချင်းချင်း တစ်ကိုယ်ကောင်းမဆန်ဘဲ တစ်ဦး၏အခက်အခဲကို တစ်ဦးက တတ်နိုင်လျှင် ကူညီသင့်ကြောင်း တင်ဆက်ထားသော ''ကူညီပေးပါတော့မည်'' ကလေး၀တ္ထုကို ဖတ်ရှုရမည်ဖြစ်ပါသည်။ ကလေးတို့ကိုယ်တိုင် ပါ၀င်ရေးဆွဲနိုင်မည့် ''ဘာပုံလေးဖြစ်မလဲ'' ကဏ္ဍကိုလည်း တင်ဆက် ထားပါသည်။
ရွှေသွေးဝေါဟာရကဏ္ဍအနေဖြင့် ပြုမူဆောင်ရွက်ပုံ ကြိယာငါးမျိုးကို လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။ ကလေးတို့၏ အင်္ဂလိပ်စကားပြော စွမ်းရည်ကို တိုးတက်စေမည့် ရွှေသွေးစကားဝိုင်း ကဏ္ဍတွင် 'Conversation Questions and Answers' ခေါင်းစဉ်ဖြင့် မိတ်ဆွေအချင်းချင်း ဖြစ်စေ၊ ဆွေမျိုးသားချင်း အချင်းချင်းဖြစ်စေ ပေးစာ၊ ပြန်စာ ရေးသားပုံနှင့်ပတ်သက်၍ အပြန်အလှန်ပြောဆိုသုံးနှုန်းပုံ အချို့ကို တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာအခြေခံအတွက် အရေးပါပြီး အဓိကကျသည့် ရွှေသွေးအင်္ဂလိပ်သဒ္ဒါကဏ္ဍတွင် 'Modal Verb' (အကူကြိယာ) အကြောင်းနှင့်ပတ်သက်သော အခန်းဆက် သင်ခန်းစာများကို လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-၀၁ ၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။