ပြန်ကြားရေး၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက်ကလေးများ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၁)၊ အမှတ် (၅) ၌ မိဘတိုင်းသည် မိမိတို့၏ သားသမီးများကိုသာ လှပ၍ ချစ်စရာကောင်း သည်ဟု ထင်တတ်ကြပုံကို တင်ဆက်ထားသည့် မျက်နှာဖုံးဇာတ်လမ်း၊ အကြံဉာဏ်ကောင်း ရှိသူများသည် မိမိတို့၏ အကျိုးအတွက် စဉ်းစားဆင်ခြင်နိုင်ပုံကို တင်ဆက်ထားသည့် နှစ်မျက်နှာ ဇာတ်လမ်း၊ အားကစားပြုလုပ်ခြင်း၏ အကျိုးကျေးဇူးများကို တင်ဆက်ထားသည့် နှစ်မျက်နှာ ဇာတ်လမ်းနှင့် ကာတွန်းကိုကျော် (ကြံခင်း)၏ လိုတိုရှင်း တစ်မျက်နှာဟာသ ဇာတ်လမ်းတို့ကို ဖတ်ရှုရမည် ဖြစ်ပါသည်။
ယခုတစ်ပတ်တွင် စန္ဒရားတီးကာ သီချင်းဆိုနိုင်မည့် ကဗျာအထူးကဏ္ဍကိုလည်း ဆန်းသစ် ထည့်သွင်းထားပါသည်။ ပုံပြင်ကဏ္ဍတွင် မိဘများအား ကျွေးမွေးပြုစုစောင့်ရှောက်သူသည် ကောင်းကျိုးချမ်းသာ ရရှိနိုင်ပုံကို ဖော်ကျူးရေးဖွဲ့ထားပါသည်။ ထို့ပြင် ကလေးများ ဗဟုသုတ တိုးပွားစေရန် ဖေဖော်ဝါရီအတွင်း ထူးခြားထင်ရှား နေ့ရက်များအကြောင်းကို ဖော်ပြပေးထားပြီး ကလေးများ ပျော်ရွှင်စွာ အရောင်လေးများကို ခြယ်သနိုင်မည့် ဆေးရောင်လှလှ ခြယ်ကြရအောင် ကဏ္ဍကိုလည်း ထည့်သွင်းဖော်ပြထားပါသည်။
ဖတ်မှတ်လေ့လာ ဝေါဟာရကမ္ဘာကဏ္ဍတွင် တိရစ္ဆာန်အချို့၏ အဖိုအမအမည်များကို ရုပ်ပုံများဖြင့် ယှဉ်တွဲဖော်ပြထားရာ ကလေးတို့ အလွယ်တကူ မှတ်သားနိုင်မည် ဖြစ်ပါသည်။ ကလေးတို့၏ အင်္ဂလိပ်စကားပြော စွမ်းရည်ကို တိုးတက်စေမည့် ရွှေသွေးစကားဝိုင်းကဏ္ဍတွင် 'Conversation Questions and Answers' ခေါင်းစဉ်ဖြင့် တည်းခိုမည့် ဟိုတယ်များရွေးချယ်ပုံနှင့် ပတ်သက်၍ ပြောဆိုသုံးနှုန်းပုံအချို့ကို တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာအခြေခံအတွက် အရေးပါပြီး အဓိကကျသည့် ရွှေသွေးအင်္ဂလိပ်သဒ္ဒါကဏ္ဍတွင် 'Modal Verb' ခေါင်းစဉ်ဖြင့် 'Will' နှင့် 'Would' တို့၏ အသုံးအနှုန်းများကို တင်ဆက်ထားရာ ကလေးများ အင်္ဂလိပ်စာအရည်အသွေး တိုးတက်လာမည်မှာ အမှန်ပင် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း ၀၁- ၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။